မှန်မှန်ပြေးပေးလျှင် အဆစ်ရောင်ရောဂါ (Osteoarthritis) အန္တရာယ်မှ လျော့နည်းစေမည်ဟု လေ့လာ မှုအသစ်တစ်ခုက ဖော်ထုတ်တင်ပြလိုက်သည်။ ယခင်က မှန်မှန်ပြေးခြင်းကြောင့် ဒူး၌ အိုအေအဆစ်ရောင် ရော ဂါဖြစ်စေနိုင်သည်ဟု လက်ခံခဲ့ကြသည်။ အမှန်မှာမူ ကာကွယ်မှုပင် ပေးနိုင်သည်ဟု ဆိုသည်။
Baylor College of Madicine in Houston မှ Dr. Graee Hsiao-Wei Lo ကသူ၏ တွေ့ရှိချက်ကို အမေရိကန်ကောလိပ် နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည်။ အရိုး၊ အရွတ်ဆိုင်း၊ အရိုးဖုံးလွှာနှင့် အရိုးနုတို့ ယိုယွင်းပျက်စီးမှုကြောင့် Osteoarthritis (OA) အဆစ်ရောင်ရောဂါ ဖြစ်ပေါ်ရခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်ပြီးသူ ၂၆.၉ သန်းခန့်မှာ အိုအေအဆစ်ရောင်ရောဂါ ခံစားနေကြရသည်။ အထူးသဖြင့် လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ်တို့တွင် အဖြစ်များသည်။ မှန်မှန်ပြေး လေ့ရှိသူများမှာ ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) လျော့နည်းလေ့ရှိပြီး အိုအေအဆစ်ရောင်ရောဂါ ဖြစ်ရန် အန္တရာယ်နည်းပါးကြသည်။
သုတေသနပညာရှင်များသည် ပျှမ်းမျှအသက် ၆၄.၅ နှစ်အရွယ် အိုအေအဆစ်ရောင် ရောဂါလက္ခဏာ
ရှိသူပေါင်း ၂၆၈၃ ဦးအား စောင့်ကြည့်လေ့လာခဲ့ကြသည်။ ပါဝင်ခဲ့သူများအနက် အမျိုးသမီးအရေအတွက်မှာ ၅၆ ရာခိုင်နှုန်းဖြစ်သည်။ ခန္ဓာကိုယ် ထုထည်အညွှန်းကိန်း (BMI) မှပျမ်းမျှအားဖြင့် ၂၈.၆ ဖြစ်ကြသည်။
မည်သည့်အသက်အရွယ် ဖြစ်စေကာမူ မှန်မှန်ပြေးခြင်းသည် အိုအေကြောင့် ခံစားရသော ဒူးနာဝေဒနာ သက်သာသွားနိုင်ကြသည်။ မှန်မှန်ပြေးခြင်းသည် အိုအေအဆစ်ရောင်ဝေဒနာကို ဆိုးဝါးခြင်း မရှိဘဲ သက်သာမှုပင် ရရှိစေနိုင်မည်ဖြစ်သည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)