ဝဲကျော်ဘဝက လွတ်မြောက်အောင်

16

 ‘မပျော် ၆ လ၊ ပျော် တစ်နှစ်’ လို့ ဆိုရိုးရှိတဲ့ ရောဂါကို ပြပါဆိုရင် ဝဲရောဂါကို လက်ညိုးညွှန်ပြရမှာပါ… ဝဲရောဂါဆိုတာက လူတိုင်းဖြစ်ဖူးချင်မှ ဖြစ်ဖူးမှာဖြစ်ပေမယ့် လူတိုင်းတော့ ကြားဖူးမယ်ထင်ပါတယ်… ဝဲရောဂါဖြစ်ပြီဆိုရင် လူကြားမရှောင်၊ သူကြားမရှောင် ကုတ်ရ၊ဖဲ့ရတာမို့ ရှက်စရာကောင်းတဲ့အပြင် မိသားစုထဲမှာ တစ်ယောက်ဖြစ်ရင် သူကတဆင့် တစ်အိမ်သားလုံးကို ကူးစက်စေတတ်တာမို့ စိတ်ပျက်စရာကောင်းလှပါတယ်…

ဒီ ဝဲရောဂါကိုဖြစ်စေတာက Sarcoptes scabiei လို့ခေါ်တဲ့ ဝဲရောဂါပိုးအမကောင်ကြောင့်ဖြစ်ပါတယ်… တစ်ခါကူးစက်ခံရရင် အနည်းဆုံး ဝဲရောဂါပိုး ဆယ်ကောင်ကနေ ဆယ့်ငါးကောင်လောက်အထိသာ ကူးစက်တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အဆမတန် ပွားများလာတတ်ပါတယ်… အဲဒီ ဝဲရောဂါပိုး အမကောင်က ကူးစက်ပြီဆိုတာနဲ့ လူ့အရေပြားအောက်ကို မြောင်းတူးဝင်ရောက်ပြီး ဥတွေ ဥချပါတယ်… ဥ ဥတာကနေ ဆယ်ရက်လောက်အကြာမှာ ဝဲကောင်လေးတွေပေါက်လာပြီး ခန္ဓာကိုယ်အနှံ့ ဆက်သွယ်ရေးမြောင်းတွေဖောက်ပြီး ခြေဆန့်ကြပါတော့တယ်…
ဝဲရောဂါပိုးဝင်ရောက်တာနဲ့ ကိုယ်ခန္ဓာက အဲ့ဒီဝဲရောဂါပိုးရဲ့ ပရိုတင်းဓာတ်နဲ့ ဓာတ်မတည့်မှုတွေဖြစ်လာတဲ့အတွက် အလွန်အမင်း ယားယံတာကို ခံစားရပါတယ်… ဒါ့အပြင် ဝက်ခြံဖုလို အနီရောင်အဖုတွေ အများအပြားလည်း ထွက်လာပါတယ်… တခါတလေမှာ အရေပြားပေါ်မှာ မြောင်းသေးသေးလေးတွေကိုတောင် တွေ့ရနိုင်ပါတယ်… ယားယံတာတွေက ညဘက်မှာပိုဆိုးတတ်ပါတယ်… ဘာလို့လည်းဆိုတော့ အဲ့ဒီဝဲရောဂါပိုးတွေက ညဘက်မှာ ပိုထကြွပြီး အရေပြားအောက်မှာ မြောင်းတူးပြီးသွားလာနေကြတာကြောင့်ပဲဖြစ်ပါတယ်…
ဒီဝဲရောဂါဟာ ဝဲပေါက်နေတဲ့လူရဲ့ အရေပြားနဲ့ထိတွေ့တာ၊ လိင်ဆက်ဆံတာ၊ သူ့ရဲ့အသုံးအဆောင်၊ အဝတ်၊ အိပ်ယာခင်းတွေနဲ့ ထိတွေ့တာကတဆင့် ကူးစက်တာပါ… ပထမအကြိမ် ကူးစက်ခံရပြီဆိုရင် နှစ်ပတ်ကနေ တစ်လခွဲလောက်အကြာမှာ လက္ခဏာတွေ စပြပါတယ်… ဒုတိယအကြိမ်အဖြစ် ကူးစက်ခံရတာဆိုရင်တော့ လက္ခဏာတွေက နေ့ချင်းပေါ်နိုင်ပါတယ်…
ဒီ ဝဲက တစ်ကိုယ်လုံးမှာ ပေါက်နိုင်ပေမယ့် လက်ကောက်ဝတ်၊ လက်ချောင်းကြား၊ ခါးတွေ၊ ပေါင်ခြံ၊တင်ပါး၊ လိင်အင်္ဂါပတ်လည်နဲ့ ရင်သားအောက်ကြားတွေထဲမှာ ပိုပြီးပေါက်လေ့ရှိပါတယ်… ကလေးတွေမှာတော့ ခေါင်းတွေ၊ ဦးရေပြားတွေမှာပါ ပေါက်တာကို တွေ့ရပါတယ်… အရွယ်မရွေး၊ လူတန်းစားမရွေးဖြစ်ပွားကြပေမယ့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့သူတွေမှာ ပိုပြီးအဖြစ်များပါတယ်… နောက်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါသည်တွေ၊ ကင်ဆာရောဂါဖြစ်လို့ ကိုယ်ခံအားကျနေတဲ့သူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်…

ဒီ စဖြစ်ဖြစ်ချင်းဝဲကို ဝဲခြောက်လို့ခေါ်ပါတယ်… အဲ့ဒီဝဲက ယားလွန်းလို့ ကုတ်ခြစ်ရတဲ့အခါ အရေပြားတွေပေါက်ပြဲပြီး တခြားရောဂါပိုးတွေပါ ဝင်ရောက်လာတာကြောင့် အရည်တရွှဲရွှဲ၊ ပြည်တစိုစိုဖြစ်လာတတ်ပါတယ်… အဲ့လိုဖြစ်လာရင်တော့ ဝဲစိုလို့ခေါ်ပါတယ်…
နောက်ပြီး ကိုယ်ခံအားကျနေတဲ့သူတွေမှာ ဝဲရောဂါပိုးကူးစက်ခံရရင် ပိုပြီးပြင်းထန်တတ်ပြီး ဝဲကောင်ရေပေါင်း သန်းနဲ့ချီပြီးရှိနိုင်ပါတယ်… ဒီလိုပြင်းထန်တဲ့ ဝဲရောဂါကိုတော့ Crusted scabies လို့ခေါ်ပါတယ်…
ဒီ ဝဲရောဂါကို permethrin, crotamiton, lindane cream, ivermectin pills စတဲ့ဆေးဝါးတွေနဲ့ ကုသမှုပေးနိုင်ပါတယ်… ဝဲစိုအတွက်တော့ ပဋိဇီဝပိုးသတ်ဆေးတွေပါတွဲဖက်သောက်သုံးကြရမှာပါ… ကုသမှုခံယူမယ်ဆိုရင် ဝဲရောဂါဖြစ်ပွားသူအပါအဝင် အိမ်သူအိမ်သားအားလုံးက ကုသမှုကို တစ်ပြိုင်နက်ထဲ ခံယူကြရမှာပါ… ပြီးရင် ကိုယ့်အဝတ်အစား၊ အိပ်ယာခင်းစတာတွေကို ပြုတ်လျှော်တာ၊ ရေထဲကို Aseptol ထည့်ပြီး လျှော်တာမျိုးတွေပါ လုပ်ပေးရမှာပါ… မဟုတ်ရင် တစ်ယောက်ကနေတစ်ယောက်၊ အဝတ်အစား၊ အိပ်ယာခင်းတွေကတဆင့် လှည့်ပတ်ကူးစက်နေတဲ့အတွက် အမြစ်ပြတ်မှာမဟုတ်ပါဘူး…
ဒီဝဲရောဂါအတွက် ကာကွယ်ဆေးမရှိပါဘူး… ဝဲရောဂါရှိတဲ့သူနဲ့ အရေပြားချင်းမထိတွေ့မိအောင်၊ သူ့ရဲ့ အသုံးအဆောင်၊ အဝတ်အစားတွေနဲ့ မထိတွေ့ မကိုင်တွယ်မိအောင်သတိထားရမှာဖြစ်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှသာ ကာကွယ်နိုင်မှာဖြစ်ပါတယ်… ရောဂါကူးစက်ခံရပြီဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ဆေးလိမ်း၊ ဆေးသောက်တာထက် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူမှသာ အမြစ်ပြတ်ပျောက်ကင်းနိုင်မှာဖြစ်ပါတယ်…

ဒီလို ဝဲရောဂါရဲ့ ဖြစ်ပွားပုံ၊ ကူးစက်ပုံတွေကို သိရှိပြီးပြီဆိုရင်တော့ ဝဲရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာနားလည်ပြီး ‘ဝဲကျော်ဘဝက လွတ်မြောက်အောင်’ လိုက်နာဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျနော့်ဆောင်းပါးကို နိဂုံးချုပ်ခွင့်ပြုပါခင်ဗျာ…။ ။

 

AUTHOR – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

READ :   ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ