လူသားတို့ သက်တမ်းမှာ တစ်ကြိမ် (သို့) တစ်ကြိမ်ဖျားနာလိမ့်မယ်။ ရောဂါဝေဒနာခံစားရင်း ဆေးရုံတက်ရောက်ကုသ ခွဲစိတ်ရတဲ့အထိ ရှိဖူးလိမ့်မယ်။ အမျိုးသမီး အိမ်ထောင်သည်တွေ ဆိုရင် မီးဖွားချိန်၊ ရာသီလာခါနီး၊ ရာသီကုန်ခါနီး အပူချိန် အနည်းငယ်တက်ပါတယ်။ သည်အပတ် မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ ဖျားနာခြင်း၊ ပြုစုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းအကြောင်း ဆွေးနွေးထားတယ်။
မောင် – လူတို့ရဲ့ သာမာန်ကိုယ်တွင်းအပူချိန် ဘယ်လောက်ရှိသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်မှာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖာရင်ဟိုက် (သို့) ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ အနည်းငယ် အပြောင်းအလဲရှိရာ ၉၀ ဒီဂရီဖာရင်ဟိုက်ထိ ပုံမှန်အပူချိန်ဖြစ်ပြီး ယင်း၏ဒီဂရီထက် လျော့(သို့) ပိုပြီး ရှိနေရင် တစ်စုံတစ်ရာ ရောဂါကြောင့် ဖြစ်နိူင်ပါတယ်။
မယ် – အဖျားရောဂါကို အပူချိန် အလိုက် သတ်မှတ်ထားတာ ရှိသလား ဆရာ။
ဒေါက်တာမင်္ဂလာ – ရှိပါတယ်။ အပူချိန် ၁၀၃ မှ ၁၀၅ ဒီဂရီဖာရင်ဟိုက်ထိကို အဖျားကြီး၊ အပူချိန် ၁၀၁ မှ ၁၀၃ ဒီဂရီဖာရင်ဟိုက်ထိ အသင့်တင့်ဖျားခြင်း၊ အပူချိန် ၉၉ မှ ၁၀၁ ဒီဂရီဖာရင်ဟိုက်ထိ အဖျားသေး (သို့) အနည်းငယ်အဖျား၊ အပူချိန် ၉၅ မှ ၉၀ ဒီဂရီအထိ သာမာန်ထက်ကို ကိုယ်အေးခြင်း၊ အပူချိန် ၉၅ ဒီဂရီဖာရင်ဟိုက်အထိ သွေးဆုတ်ခြင်း ဆိုပြီး သတ်မှတ်ထားတယ်။
အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ရင် လူရဲ့ဦးနှောက်ကို အနည်းနဲ့ အများ စတင်လို့ ထိခိုက်ပျက်စီးလာစေတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန် ၁၀၄ ဒီဂရီထက် ကျော်ပြီဆိုရင် ရေဖတ်တိုက်ပေးသင့်တယ်။
မောင် – ကိုယ်ပူရခြင်း၊ အေးရခြင်း အကြောင်းအရင်းကို ပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ကိုယ်ခန္ဓာအပူချိန် မြင့်တက်လာဖို့ အကြောင်းတစ်ခုခုကြောင့် ဖျားခြင်း၊ ဦးနှောက်ရှိ ဟိုက်ပိုသဲလမတ်များ ဒဏ်ရာရခြင်း (သို့) ရောဂါဖြစ်ခြင်း၊ အပူရှပ်ခြင်း၊ ရေပူလောင်ခြင်းတို့ ဖြစ်တတ်တယ်။
မယ် – ခန္ဓာကိုယ်အပူချိန် လျော့နည်းရတဲ့ အကြောင်းအရင်းကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ခန္ဓာကိုယ် အပူချိန်လျော့နည်းရတဲ့ အကြောင်းအရင်းမှ ထိတ်လန့်ခြင်း၊ သွေးလွန်ခြင်း၊ ချွေးထွက်ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း၊ အဆိပ်မိခြင်း၊ အစာအာဟာရ ငတ်မွတ်ခြင်း၊ လည်ပင်းရှိ သိုင်းရွိုက်ဂလင်းလုပ်ငန်းချွတ်ယွင်းခြင်း၊ အသက်အရွယ်ကြီးပြီး ဇရာဖိစီးခြင်း တို့ဖြစ်တတ်သည်။
မောင် – ဖျားနာခြင်းရဲ့ အခြားရောဂါတွေ ဘာတွေ ဖြစ်တတ်သေးလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ဖျားနာခြင်း အမျိုးမျိုးနဲ့အတူ အသက်ရှူ မြန်လာခြင်း၊ သွေးတိုးနှုန်းမြန်ခြင်း၊ အသားအရေပူလို့ ခြောက်သွေ့ခြင်း၊ ချွေးထွက်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လျှာထူခြင်း၊ နှုတ်ခမ်းမှာ အဖတ်တွေကွာခြင်း၊ အစာစားချင်စိတ် ကုန်ခမ်းခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း၊ ဆီနည်းပြီးပူခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အပူပြင်းထန်ပါက ချမ်းတုန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်တယ်။
မယ် – ဖျားနာခြင်းအမျိုးမျိုးကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ပုံမှန် ကိုယ်ခန္ဓာအပူချိန်ထိ မကျဘဲ၊ ယင်းရဲ့ အထက်မှာ တန်းနေပြီး တစ်ရက်အတွင်း အပူချိန် အမြင့်ဆုံးနဲ့ အနိမ့်ဆုံးတို့ရဲ့ ကွာခြားချက်တစ်ဒီဂရီစင်တိဂရိတ်ထက် မပိုတဲ့ အဖျား၊ ရက်ဆက်ဖျား ဥပမာ တိုက်ဖွိုက်၊ အအေးမိခန္ဓာကိုယ်အပူချိန် ပုံမှန်ရှိသင့်တာထက် အမြဲမြင့်တက်နေပြီး တစ်နေ့တာရဲ့ အပူချိန်အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ကွာခြားချက်ဟာ နှစ်ဒီဂရီဖာရင်ဟိုက် ထက်ပိုရင် တက်ဖျား၊ ကျဖျား၊ အဆုတ်နာရောဂါ ဖြစ်တယ်။
မောင် – ရက်ခြားဖျားတို့၊ ပြင်းထန်ဖျားတို့ ရှိသေးတယ်နော် ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။တစ်ရက်မှာ ပုံမှန်အပူချိန်ကို အနည်းဆုံးတစ်ကြိမ်ရောက်လေ့ရှိတယ်။ တစ်ရက်ခြား (သို့) နှစ်ရက်ခြားဖျားခြင်းတို့ကို ငှက်ဖျားရောဂါ၊ ဆင်ခြေထောက် ရောဂါတွေမှာ တွေ့ရပါတယ်။ သွေးကြောအတွင်း ခန္ဓာကိုယ် အနှံရောဂါပိုးတွေ ပျံနှံလို့ ကိုယ်အလွန်ပူခြင်းမျိုးကို ပြင်းထန်ဖျားလို့ သတ်မှတ်တယ်။
မယ် – အခြားဖျားနာတာမျိုး ရှိသေးလား ဆရာ။
ဒေါက်တာမင်္ဂလာ – တီဘီခေါ် အဆုတ်နာရောဂါမှာ ညနေဘက် အဖျားတက်လေ့ရှိသည်။ ငှက်ဖျားရောဂါမှာ ငှက်ဖျားရောဂါမှာ ငှက်ဖျားတက်ရင် ပထမချမ်းတုန်ခြင်း၊ ဒုတိယ ကိုယ်ပြင်းထန်ပူခြင်း၊ ချွေးသီးချွေးပေါက်များထွက်ခြင်း တို့ဖြစ်တယ်။
မောင် – ဖျားနာခြင်းရဲ့ အရင်းခံကို ရှင်းပြပါ ဆရာ။
ဒေါက်တာမင်္ဂလာ – ဖျားနာခြင်းဟာ ရောဂါ အမျိုးမျိုးရဲ့ အဓိက လက္ခဏာဖြစ်သည်။ ရောဂါတိုင်းလိုလို ဖျားနာခြင်းဖြစ်တယ်။ အဖြစ်အများဆုံး ဖျားနာခြင်းဟာ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်တွင်း ဝင်ရောက်ပြန့်ပွားတဲ့ ကူးစက်ရောဂါ ကြောင့်ဖြစ်သည်။ ဘက်တီးရီးယား ဗိုင်းရပ်ကပ်ပါးပိုးများ၊ ရစ်ကစ်ဆီးယားပိုးမွှား မျိုးစုံ အဆုတ်လေပြွန်ရောင်ခြင်း၊ အအေးမိနှာစေးခြင်း အဖြစ်များတဲ့ တုပ်ကွေးရောဂါ တို့ဖြစ်တယ်။
မယ် – ထိခိုက်မိခြင်း၊ သွေးလှည့်ပတ်နဲ့ဆိုင်ရင်လည်း ဖျားတတ်မှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ဦးခေါင်း ဒဏ်ရာရခြင်း၊ ဦးနှောက်နဲ့ အာရုံကြော အသားပို၊ အကျိတ်လုံးဖြစ်ခြင်း၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်တွင်း သွေးကြောပေါက်ပြတ်ခြင်း တို့အပြင် ပြင်းထန်တဲ့ သွေးအားနည်းရောဂါ၊ သွေးမတိတ်၊ သွေးမခဲရောဂါ၊ သားငံရည် အသားပိုအကျိတ်လုံးများ၊ သွေးကင်ဆာ၊ ရုတ်တရက် နှလုံးအတိုက်ခိုက်ခံရခြင်း၊ သွေးကြောအတွင်း သွေးခဲပိတ်ခြင်း၊ ခန္ဓာကိုယ်တွင်း အရည်နဲ့ ဓာတ်ဆားအချို့ မမှန်ခြင်း၊ အရည်များခန်းခြောက်ခြင်း၊ အက်ဆစ်ဓာတ်များခြင်းတို့မှာ ဖျားတတ်သလို ပြင်းထန်တဲ့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ဂလင်း လုပ်ငန်းဆောင်တာ လွန်ကဲခြင်း၊ တွယ်ဆက်တစ်ရှူးနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်တယ်။
မောင် – ချမ်းတုန်ပြီး ဖျားနာခြင်းကို ငှက်ဖျားအပြင် ဘယ်မှာတွေ့နိူင်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ငှက်ဖျားရောဂါ အမျိုးမျိုး၊ ဆီးလမ်းကြောင်း ရောဂါပိုးများ စွဲကပ်လို့ ဖျားခြင်း၊ အဆုတ်အအေးမိခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ ပြင်းထန်တဲ့ အသည်းရောင် အသားဝါ တစ်မျိုးမျိုး၊ သည်းခြေပြွန်လမ်းကြောင်း နဲ့ အသည်းရောင်ခြင်း၊ ဆင်ခြေထောက်ရောဂါ၊ သွေးဆိပ်တက်ခြင်း၊ သွေးသွင်း ကုသမှုတို့မှာ ဖြစ်တတ်တယ်။
မယ် – ဖျားနာခြင်းမဖြစ်စေဖို့ ဘာတွေလိုအပ်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – လိုအပ်ပါတယ်။ လူသားတွေဟာ ရောဂါပိုးမွှားပင် လယ်တွင်း လူဖြစ်နေကြတယ်။ နေ့စဉ်နဲ့အမျှ ရောဂါပိုးမွှားမျိုးစုံ ခန္ဓာကိုယ်တွင်း ဝင်နေကြရာ ခုခံမှုစနစ်က ကာကွယ်ပေးနိူင်တယ်။ ခန္ဓာကိုယ်မှ ထွက်တဲ့ အက်ဆစ်အဆီတို့ အပြင်ဆုံးမှာရှိရာ အသက်ရှူလမ်းကြောင်းတစ်လျှောက် အမွှေးများ၊ နှာချေးထုတ်ခြင်းတို့က ရောဂါမဝင်အောင် တားပေးတယ်။
မယ် – ကိုယ်တွင်း ခုခံမှုစနစ်ကျရင် ရောဂါအလွယ်တကူဝင်ပြီး အဖျားတက်တာပေါ့နော် ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ခုခံမှုကျဆင်းခြင်း၊ ကူးစက်ရောဂါ AIDS မှာ ခုခံအားကျဆင်းလို့ တီဘီစတဲ့ ရောဂါဝင်ရောက်လွယ်ပြီး ဘယ်တော့မှ အဖျားကင်းစင်ခြင်း မရှိဘူး။ တစ်ခုမဟုတ် တစ်ခု ရှိနေနိူင်ပြီး နေ့စဉ် အဖျားတက်တတ်ပါတယ်။
Author: ဒေါက်တာမင်္ဂလာ