အအေးမိခြင်းရဲ့လက္ခဏာတွေက သိသာထင်ရှားပါတယ်။ အဲဒါတွေက ယားကျိကျိဖြစ်တဲ့လည်ချောင်း၊ အရည်နဲ့ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ပိတ်နေတဲ့ နှာခေါင်းဖြစ်ပါတယ်။ မအီမသာဖြစ်တဲ့ခံစားမှုရှိလာရင် သာမန် အအေးမိခြင်းဝေဒနာကို တစ်ပတ်အတွင်း ခံစားရတော့မယ်ဆိုတာ ပေါ်လွင်ပါတယ်။
အအေးမိခြင်း အခွင့်အလမ်းကို လျော့ချဖို့အပြင် မအီမသာဖြစ်မှုကို သက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို အာရုံစိုက်ရှာဖွေခဲ့ကြတယ်။ အဲဒီနည်းလမ်းတွေထဲကမှ အကောင်းဆုံးအချို့ကို ဖော်ပြလိုက် ပါတယ်။
၁။ ချောင်းဆိုးတဲ့သူ၊ နှာချေတဲ့သူတွေအနားမှ ၃ပေထက်မနည်း အကွာမှာနေပါ
ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါမှာ လေဆောင်အရည်စက်ကလေးတွေဟာ ၃ပေ အကွာထိ လွင့်စင် နိုင်တယ်။ အဲဒါတွေက မျက်စေ့နဲ့နှာခေါင်းတွေမှာကျရင် ရက်အနည်းငယ်အတွင်းမှာ နာမကျန်း ဖြစ်လာမယ်။ ဓါတ်လှေကားစီးရင်း ချောင်းဆိုးတဲ့သူပါရင် ထိုသူကို ကျောပေးပြီးရပ်ပါ။
၂။ လက်ကို မကြာခဏ ဆေးကြောပါ
အအေးမိပြီးဖျားနေတဲ့သူဟာ အအေးမိစေတဲ့ ပိုးမွှားတွေကို နှာခေါင်းမှ လက်တွေဆီပြောင်းသွားပြီး သူထိမိသမျှ ပစ္စည်းတွေပေါ်မှာ ကူးစက်သွားတယ်။ ဒီပိုးမွှားတွေဟာ သက်မဲ့ပစ္စည်းပေါ် ၃နာရီကြာ အသက် ရှင်ပြီး နေနိုင်တယ်။ ပိုးမွှားရှိနေတဲ့ပစ္စည်းတွေကို လက်နဲ့ကိုင်မိတဲ့သူတွေဟာ အဲဒီလက်နဲ့နှာခေါင်း၊ မျက်စေ့ တွေကို ပွတ်မိရင် ရောဂါကူးစက်ခံရမယ်။ ဒါကြောင့် လက်တွေကို အခွင့်ကြုံတိုင်း ဆေးကြောဖို့ အရေးကြီး ပါတယ်။
၃။ ပိတ်လှောင်နေတဲ့နေရာတွေကို သတိထားပါ
လေဝင်လေထွက် မကောင်းတဲ့ရုံးခန်းတွေဟာ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်လို့ဆိုနိုင်တယ်။ အအေးမိဗိုင်းရပ်စ်တွေက အပြင်ထွက်လို့မရတဲ့အတွက်ဖြစ်တယ်။ ပိုဆိုးတာက စိုထိုင်းမှုနည်းခြင်းက ဝင်လာတဲ့ ဗိုင်းရပ်စ်တွေကို စစ်ထုတ်ပြီး ရှင်းပစ်တဲ့ ချွဲမြှေးတွေကို ခြောက်စေတယ်။ အဲဒီအကြောင်းကြောင့် လေယာဉ်တွေမှာ အအေးမိပိုးမွှားများ ကူးစက်ဖို့ပိုဖြစ်နိုင်တယ်။ အကောင်းဆုံးဖြေဆေးက နှာခေါင်းဖြန်း ဆားရည်နဲ့ မကြာမကြာဖျန်းပေးရန် Duke University Medical Centre မှ ဒေါက်တာမာဂရက်ဆင်က ဆိုတယ်။
၄။ အရည်များများသောက်ပါ
အရည်များများသောက်ခြင်းက ခန္ဓာကိုယ်ထဲမှ ပိုးမွှားတွေကို ရေဖြင့်ဆေးပစ်နိုင်ပြီး အအေးမိခြင်းနှင့် အတူပါလာတဲ့ ရေဓါတ်ကုန်ခန်းခြင်းတို့ကို တားဆီးကာကွယ်ပေးတယ်။ ပါးစပ်နဲ့အသက်ရှူခြင်း၊ နှာခေါင်းမှ မှုတ်ထုတ်ခြင်းနဲ့ အအေးမိခြင်းကိုပျောက်တဲ့ ဆေးဝါးတွေသုံးစွဲခြင်းတွေက အရေခန်းခြောက်ခြင်းကို တိုးပွား စေတယ်။ ဒါကို ဟန့်တားရန် ရေ၊ သစ်သီးဖျော်ရည်နဲ့ အခြားကဖင်းဓါတ်မပါတဲ့ အရည်တွေကို နေ့စဉ် ၈ခွက်ထက် မနည်းသောက်ပါ။
၅။ နှာခေါင်းနဲ့မျက်စေ့တွေကို သိပ်မပွတ်ပါနဲ့
လူတွေဟာ မျက်နှာရဲ့အစိတ်အပိုင်းနှစ်ခုဖြစ်တဲ့ နှာခေါင်းနဲ့မျက်စေ့တွေကို တစ်နာရီမှာ သုံးကြိမ် လောက် ထိမိကြတယ်လို့ လေ့လာရေးတစ်ခုကဆိုတယ်။ တို့ထိတော့မယ်ဆိုရင် လက်ချောင်းဖျားနဲ့ မထိဘဲ ပိုးမွှားတွေရှိဖို့အလားအလာအလွန် နည်းတဲ့ လက်ဆစ်ရိုးနဲ့ထိပါ။
၆။ တစ်ချိန်လုံးလှဲမနေပါနဲ့
လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်းကို မိနစ် ၃၀ ကြာ တစ်ပတ်မှာ ၃ကြိမ်ပြုလုပ်ပါ။ အပေါ် ပိုင်း အသက်ရှူလမ်းကြောင်းရောဂါကူးစက်ခြင်းကို ခုခံဖို့ စွမ်းအားကို တိုးမြှင့်ပေးတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် တစ်နေ့တစ်နာရီကျော်ပြုလုပ်ခြင်းဟာ တကယ်တော့အအေးမိဖို့ ဖြစ်နိုင်ချေ ပိုများတယ်လို့ သုတေသီတွေကတွေ့ရှိထားပါတယ်။
၇။ ဗီတာမင်အီးနဲ့ စီကို သုံးစွဲပါ
ဗီတာမင်အီးဟာ ကိုယ်ခံအားစနစ်တွင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်တယ်လို့သိရပါတယ်။ ၎င်းရဲ့ အကောင်းဆုံးအရင်းအမြစ်က အဆီတွေဖြစ်လို့ အဆီနည်းတဲ့ အစားအစာကို ဓါတ်စာအဖြစ် စားနေရတဲ့ လူတွေအတွက် လုံလောက်စွာရဖို့ခက်ပါတယ်။ ဗီတာမင်အီး ၁၀၀ မှ ၂၀၀ အိုင်ယူပါတဲ့ ဖြည့်စွက်စာကို နေ့စဉ် သုံးစွဲသင့်တယ်။ ဗီတာမင်စီဟာ အအေးမိခြင်းကိုု ကာကွယ်တယ်ဆိုတဲ့အထောက်အထားမရှိပါ။ဒါပေမယ့်အအေးမိတဲ့လက္ခဏာတွေကြာချိန်နဲ့ ပြင်းထန်မှုကိုအနည်းငယ် လျော့စေတယ်လို့ လေ့လာရေးအချို့ကဆိုတယ်။ဗီတာမင်ကို တစ်နေ့၅၀၀မီလီဂရမ်ထက် မပိုစေရပါ။ ပိုရင် အစာအိမ်အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ဆိုကြတယ်။
၈။ လည်ချောင်းနာတာကို သက်သာအောင်လုပ်ပါ။
ရေနွေးတစ်ဖန်ခွက်ထဲသို့ ဆားလက်ဖက်ရည် ဇွန်းတစ်ဇွန်းထည့်ပြီး ပလုပ်ကျင်းပါ။ ပရုတ်ပါတဲ့ သကြား ဆေးပြားကို ငုံပေးခြင်းဖြင့် လည်ချောင်းကို ထုံစေတဲ့အတွက် လည်ချောင်းနာတာကို သက်သာ စေတယ်။
၉။ ညတိုင်းကောင်းကောင်းအိပ်ပျော်ပါစေ။
တစ်ညမှာ ၈နာရီထက် မနည်း ကောင်းကောင်းအိပ်ပျော်ခြင်းဟာ ကိုယ်ခံအားဆဲလ်တွေ အားအပြည့် ဖြစ်စေတယ်။ ညဥ့်တစ်ဝက်သာ အိပ်ပျော်ခြင်းက သဘာဝ ဆဲလ်တွေကို ၃၀% ကျစေတယ်။
၁၀။ ဆီနည်းတဲ့ ကြက်သားစွပ်ပြုတ်ရည်ကိုသောက်ပါ။
ပူနွေးတဲ့ စွပ်ပြုတ်ရည်ဟာ အအေးမိခြင်းရဲ့ လက္ခဏာတွေကို လျော့စေနိုင်ပြီး သလိပ်ပျော်စေပါတယ်။ ကြက်စွပ်ပြုတ်ရည်မှာပရိုတင်း၊ ဗီတာမင်၊ သတ္ထုဓါတ်တွေ ပါဝင်ပြီး ၎င်းတို့က အအေးမိတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးတယ်။ ချွဲသလိပ်ပျော်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာခေါင်းဖြန်းဆေး၊ ရှူဆေးစတဲ့ အအေးမိ လက္ခဏာတွေကို သက်သာစေတဲ့ ဆေးတွေကို ဆရာဝန်အားမေးပြီးမှ သုံးစွဲပါ။ ကိုယ်တိုင်အအေးမိပြီး ဖျားနေရင် အခြားသူများအား မကူးစေရန် အထူးဂရုပြုပါ။ ချောင်းဆိုး၊ နှာချေရင် အကာအကွယ်ပစ္စည်းကိုသုံးပါ။
AUTHOR – နှင်းအေးဝေ
Credit to Health Care Journal (Vol-7, No-30)