ကိုဘချစ်ရန်ကုန်ကိုလာမည်

“ဟဲ့ အေးစိန်. ကိုဘချစ်အကြောင်း နင်ကြားပြီးသွားပြီလား”
ယက်ကန်းစင်တွင် အေးစိန်နှင့် တွေ့တုန်းလေး လှမေတစ်ယောက် လှမ်းမေးလိုက်သည်။

“ဟေ. ကို ဘချစ် ဘာဖြစ်လို့လဲ”
အေးစိန်တစ်ယောက် လှမေကို ပြန်မေးလိုက်သည်။ ကိုဘချစ်နှင့် မတွေ့တာကြာပြီဆိုတော့ ကို ဘချစ် အကြောင်းသူမသိ။
“ညည်းကို သူဘာမှ မပြောဘူးလား”
“ကိုဘချစ်နဲ့မတွေ့တာကြာပြီလေ။ သူအခု ဘာဖြစ်လို့လဲ”

ကိုဘချစ်တစ်ယောက် အေးစိန်ကို တစ်ဖက်သတ်ချစ်နေသည်ကို တစ်ရွာလုံးနီးပါး သိကြသည်။ အေးစိန်ဆီမှ အဖြေကိုလည်း စောင့်နေတုန်းဖြစ်သည်။ အေးစိန်ကတော့ ကိုဘချစ်ကို မချစ်။
“အံ့ပါ့တော် ကိုဘချစ်ကြီးဘာဖြစ်မှန်း တစ်ရွာလုံးသိတယ်။ညည်းမသိဘူး”
လှမေတစ်ယောက် အားမလို အားမရဖြစ်၍ အေးစိန်အား အပြစ်လှမ်းတင်လိုက်သည်။

-- Advertisement --

“သြော် ကိုဘချစ် နေမကောင်းဖြစ်တာလား။ ငါသိတာပေါ့အေ။ သူကို ရွာက ဆရာလေးက တီဘီ ရောဂါလို့ ထင်တယ်။ ဆရာလေးက တိုက်တွန်းတာနဲ့ မြို့မှာ သွားပြတယ်။ တီဘီရောဂါလို့ မြို့က ဆရာဝန်တွေက် ပြောလိုက်တယ်။ ဒါကြောင့် ငါတောင် ကိုဘချစ်ကို အတွေ့မခံဘူး။ ရောဂါကူးမှာ ဆိုးလို့။သူ့မှာ တီဘီရောဂါရှိနေတယ်လေ။ ဆေးတွေသောက်နေရတယ်”
“ဒါ တစ်ရွာလုံးသိတယ်။ သူ့ဆီကနေ လူတွေကို ရောဂါကူးမှာ ဆိုးလို့ ကိုဘချစ်တို့ လူများများနဲ့လည်း မတွေ့ဘူး။ ဒါကို ပြောတာမဟုတ်ဘူး။ အခုကနောက်တစ်ခု”

လှမေတစ်ယောက် မပြောပဲ ခဏရပ်ထားလိုက်သည်။ အေးစိန်စိတ်ဝင်စားရဲ့လားလို့ အကဲခတ် လိုက်သည်။
“နောက်တစ်ခုက ဘာလဲ ပြောမှာဖြင့် ပြော။ မပြောချင်လည်းမပြောနဲ့။ ငါမှာ တစ်ခြားအလုပ်တွေ ရှိသေးတယ်”
ပြောချင်လွန်းသူ လှမေတစ်ယောက် အေးစိန်ကို မျက်စောင်းထိုးလိုက်သည်။ ကိုယ်က ပြောချင်လွန်းလို့ တကူးတက လာပြောရသည်။ အေးစိန်တို့က ဈေးကိုင်နေပြီ။

“ညည်းကမသိချင်ပေမဲ့ ငါက ပြောချင်လွန်းလို့ပါအေ။ ကိုဘချစ်ကြီး တီဘီရောဂါက တော်တော်ဆိုးတယ်တဲ့”
“သူ့ကိုရွာထဲမှာ ငါမြင်မိပါတယ်။ သွားသွားလာလာပါပဲ”
အေးစိန်တစ်ယောက် လှမေကို အကဲပိုလွန်းသည်ဟု အကြည့်ဖြင့်ကြည့်လိုက်သည်။

“အေး သွားသွားလာလာတော့ သွားသွားလာလာပဲ။ ဖြစ်တဲ့ တီဘီရောဂါအတွက် သောက်ရမဲ့ဆေးတွေက ဈေးကြီးတယ်တဲ့။ အဲ့ဒီ ဆေးတွေကို ဝယ်ဖို့လည်း မဖြစ်နိုင်ဘူးတဲ့။ အဲဒါ ဆေးသောက်ဖို့အတွက် ရန်ကုန် သွားရမယ်တဲ့။”
“ရန်ကုန်မှာပဲဆေးကရတာလား။”

“ဟုတ်တယ်။ရန်ကုန်မှာတီဘီရောဂါသည်တွေအတွက် ဖွင့်ထားတဲ့ ဆေးရုံရှိတယ်။ အဲဒီဆေးရုံမှာ သွားပြရမယ်။ ဆေးရုံနဲ့နီးနီးမှာ အိမ်ငှားနေပြီး ဆေးထုတ်မှာတဲ့။”

“ဒါဆိုပိုက်ဆံကုန်မှာပေါ့။အိမ်ငှားနေရမယ်ဆိုတော့”
“ဘယ်လောက်ကုန်မလဲတော့ မသိဘူး။ အိမ်ငှားနေတဲ့ စရိတ် စားစရိတ်တွေက ဈေးသက်သာသေးတယ်။ အခုဖြစ်နေတဲ့ တီဘီရောဂါကို ကုဖို့ ဆေးတွေက ပိုဈေးကြီးတယ်တဲ့။ “

“ဘယ်လောက်ဈေးကြီးလို့လဲ။ အရင် က ငါတို့ရွာက ကို လှမိုးကြီးလည်း တီဘီရောဂါ ဖြစ်တုန်းက ဆေးသောက်ခဲ့တာပဲလေ။ ဈေးကြီးတယ်လို့ မကြားမိပါဘူး။ သူလည်း ဒီလိုပဲ ဆေးထုတ်နေတာပါပဲ”
“ကိုလှမိုးကြီးဖြစ်တဲ့ တီဘီရောဂါနဲ့ အခုဖြစ်တဲ့ တီဘီရောဂါ မတူဘူးတဲ့”
လှမေတစ်ယော်က အေးစိန်ကို စိတ်ရှည်ရှည်နှင့် ရှင်းပြနေသည်။

“ကိုလှမိုးဖြစ်တာက အရပ်စကားနဲ့ပြောရင် ရိုးရိုးတီဘီရောဂါကုတဲ့ဆေးနဲ့ကုလို့ရတယ်တဲ့။ အခု ကိုဘချစ်ဖြစ်တဲ့ တီဘီရောဂါ က ဆေးယဉ်ပါး တီဘီရောဂါတဲ့။ အဲဒီ ဆေးယဉ်ပါးတီဘီရောဂါအတွက် ကုတဲ့ဆေးတွေက ဈေးကြီးတယ်တဲ့။”
“သြော်။”

အေးစိန်တစ်ယောက် ကိုဘချစ်ကို မချစ်ပေမဲ့ ဒီလိုမျိုးကျတော့ ဂရုဏာသက်မိသည်။
“ပြီးတော့ ကိုဘချစ်ဆီကဖြစ်တဲ့ရောဂါကို ကူးစက်မိရင် သူ့လိုမျိုးပဲ ဆေးယဉ်ပါးတီဘီဖြစ်မှာတဲ့”
“ဟေ..အဲ့ဒါဆိုဒုက္ခပဲ”
“အေး ဟုတ်တယ်။ အဲဒါနဲ့ ကိုဘချစ်ကိုယ်တိုင်တောင် သူ့မိသားစုဝင်တွေကို ကူးမှာစိုးလို့ ယာထဲက အိမ်မှာသွားနေနေတယ်”
“ဖြစ်ရလေဟယ်”
ဒီလိုဆိုတော့လည်း ကိုဘချစ်ကို သနားမိသည်။

“မြို့မှာ သူ့အစ်ကိုနဲ့နှစ်ယောက်သွားနေဖို့ စီစဉ်နေတယ်”
“ဟုတ်လား”
“ဟုတ်တယ် မနက်ဖြန် မနက်စောစော ရန်ကုန်သွားကြမှာတဲ့။ အဲဒါ နင့်ကိုလာပြောတာ။ နင့်ကိုလာနှုတ်ဆက်ချင်လည်း ဆက်လိမ့်မယ်”
“အေးပါဟယ်။ လာပြောပေးတာ ကျေးဇူးတင်ပါတယ်”

အေးစိန်တစ်ယောက် ကိုဘချစ် ရန်ကုန်သွားခါနီး မိမိကို လာနှုတ်ဆက်မည်ကို စိုးရိမ်နေသည်။ ကိုကိုယ်တိုင်ကလည်း ကို ဘချစ်ကို ချစ်နေသူ မဟုတ်၍ ကိုဘချစ်ကို သနားသည်ကလွဲ၍ သိပ်ပြီး မတွေ့ချင်လှ။ ကိုဘချစ်ကလည်း အေးစိန်သူ့ကို မတွေ့ချင်မှန်းသိပုံရသည်။ ဒါအပြင် ချစ်သူကို ရောဂါကူးမှာ စိုးရိမ်ပုံရသည်။ ညနေဖက် အေးစိန်ကို လာမနှုတ်ဆက်။ ရန်ကုန်ကို ရောဂါကုရန်ထွက်သွားခဲ့သည်။ အေးစိန်ကတော့တစ်နေ့တာ အလုပ်များကို ပုံမှန်လုပ်ကိုင်ရင်း ရွာမှာ ကျန်ရစ်နေခဲ့သည်။ ကိုဘချစ်ကြီး မြန်မြန် နေကောင်းပါစေလို့ ဘုရားမှာ အမြဲဆုတောင်းနေသူက တော့ လှမေတစ်ယောက် ဖြစ်သည်ကိုု ဘယ်သူမှ မသိ။ ကိုဘချစ်လည်း မသိ။ အေးစိန်လည်းမသိ။ ရွာမှ လူတွေလည်း မသိ။

READ :   ခံတွင်းပျက်လွန်းလို့ ဆေးလိပ်တောင်မသောက် ချင်ဘူး

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ