နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးကို ထောက်ပံတဲ့ သွေးလွှတ်
ကြောတွေ ကျဉ်းလို့ နှလုံးအောင့်ခြင်းဝေဒနာ ခံစားရတာပါ ။ဘာလို့ သွေးကြောလေး
တွေ ကျဉ်းသလဲဆိုရင် သွေးကြောနံရံမှာ အဆီဓာတ်တွေပုံတာကြောင့် ၊ထိုအဆီချိုးတွေ
ပုံဖို့ရာ free radical လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေက အားပေးတာကြောင့် ၊သွေးခဲ
ရာက ထွက်ပေါ်လာတဲ့ အစအနတွေကြောင့် ဖြစ်ပါတယ် ။
နှလုံးသွေးကြောကျဉ်းရောဂါသည်တွေဟာ ပုံမှန်ထက်မောခြင်း ၊ရင်ဘတ်
တင်းကြပ်ကြပ်ဖြစ်ကာ ဖိညှစ်ထားသလို အောင့်ခြင်း ခံစားရတတ်ပါတယ် ။အထူးသဖြင့်
လှုပ်လှုပ်ရှားရှားလုပ်ရင် ၊ရာသီဥတုအေးရင် ၊အစားများများ စားပြီးတဲ့အခါ ၊စိတ်လှုပ်ရှား
မှု များတဲ့အခါ ပိုခံစားရတတ်ပါတယ် ။
သွေးတိုးရောဂါ ၊နှလုံးသွေးကြောရောဂါ ၊ဆီးချိုရောဂါတို့နဲ့ ဆက်စပ်သ
လို အဝလွန်ခြင်း ၊ဆေးလိပ်သောက်ခြင်း နဲ့ ကိုလက်စထရောလို့ခေါ်တဲ့ သွေးတွင်း
အဆီဓာတ်များခြင်းတို့က နှလုံးသွေးကြောကျဉ်းရောဂါကို ပိုမိုဖြစ်ပွားစေပါတယ် ။
ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကုသရာမှာ လူနေမှုပုံစံပြောင်းလဲဖို့ လိုသလို
ဖြစ်စေတဲ့ အခြေခံ အကြောင်းတရားတွေဖြစ်တဲ့ သွေးကြောနံရံမှာ အဆီချိုးတွေ မကပ်
အောင် ၊သွေးခဲအစအနတွေ မပိတ်အောင် ၊ဓာတ်တိုးပစ္စည်း free radicals တွေကြောင့်
နှလုံးသွေးကြောမကျဉ်းအောင် ကုသမှုတွေပေးရပါတယ် ။ဆက်စပ် ရောဂါတွေဖြစ်တဲ့
သွေးတိုးနဲ့ ဆီးချိုရောဂါကိုလည်း ကုသဖို့ လိုပါတယ် ။
ဒီဆောင်းပါးမှာတော့ လူနေမှုပုံစံထဲက ပြောင်းလဲဖို့လိုတဲ့ အစား
အသောက်ကို နှလုံးကျန်းမာရေးနဲ့ ညီအောင် ဘယ်လိုစားသောက်ကြမလဲဆိုတာ
ဆွေးနွေးပါ့မယ် ။
နှလုံးသွေးကြောမှာ အဆီချိုးမကပ်အောင် အဆီစားသုံးမှုကို လျော့
ချရပါ့မယ် ။တိရိစ္ဆာန်ထွက် အဆီမဟုတ်တဲ့ နေကြာဆီ ၊မြေပဲဆီ ၊သံလွင်ဆီ စစ်စစ်
တွေသာ သုံးစွဲသင့်ပါတယ် ။အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဓာတ်ဟာ သွေးကြောနံရံမှာ
အဆီချိုးတွေ စုပုံမနေအောင် ကာကွယ်ပေးပါတယ် ။အိုမီဂါ ၃ဖက်တီးအက်ဆစ်ပါတဲ့
အစားအသောက်တွေကတော့ ဆာဒင်း ၊တူနာ ၊မက်ကရယ် ငါးတွေပဲ ဖြစ်ပါတယ် ။
ဒီငါးတွေကို တစ်ပတ်လျှင် ၂ ရက် ၊၃ ရက်ခန့် စားပေးဖို့လိုပါတယ် ။အမျှင်ဓာတ်ကြွယ်
ဝတဲ့ ပေါင်မုန့် ၊ကွေကာ ၊ဟင်းသီးဟင်းရွက်တွေဟာလည်း အဆီဓာတ်မတက်အောင်
ထိန်းပေးပါတယ် ။ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေ စားပေးခြင်းဖြင့် ကောင်းတဲ့
ကိုလက်စထရောတွေ တက်စေကာ အဆီဓာတ်ကို ထိန်းညှိပေးပါတယ် ။
နှလုံးသွေးကြောကျဉ်းရောဂါသည်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း
တွေ ဗိုက်တာမင် အေ ၊စီ ၊အီးတို့ပါတဲ့ အစားအသောက်တွေ စားသုံးသင့်ပါတယ် ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ နှလုံးသွေးကြောကျဉ်းစေတဲ့ ၊ခန္ဓာကိုယ်ရဲ့ ဆဲလ်
တွေကို ပျက်စီးစေတဲ့ free radicals တွေကို ခုခံတားဆီးပေးပါတယ် ။အဓိက ကတော့
လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားသောက်ဖို့ပါပဲ ။ဗိုက်တာမင်
ဘီပါတဲ့ အစားအစာတွေ စားသုံးပေးခြင်းဖြင့်လည်း မကောင်းတဲ့ ကိုလက်စထရော
LDL cholesterol တွေကို လျော့ချပေးပါတယ် ။ဗိုက်တာမင် ဘီပါတဲ့ အစားအသောက်
တွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းများ ၊ဥအမျိုးမျိုး ၊ပဲအမျိုးမျိုး ၊ကျောက်ကပ် ၊အသည်း
စတဲ့ ကလီစာများ ၊အခွံမာအသီးနဲ့ အစေ့အဆန်အမျိုးမျိုး တို့ပဲဖြစ်ပါတယ် ။ဖောလစ်
အက်ဆစ်ဓာတ်ပါတဲ့ အသည်း ၊ကျောက်ကပ် ၊ကွေကာနဲ့ ဥအမျိုးမျိုးတို့ဟာလည်း
မကောင်းတဲ့ အဆီဓာတ်တွေ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ် ။
“အစာလည်းဆေး ၊ဆေးလည်းအစာ” ဆိုတဲ့အတိုင်း ကျန်းမာရေးနဲ့
ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ပေးခြင်းဖြင့် မိမိရဲ့ နှလုံးသားကို
ကာကွယ်စောင့်ရှောက်ကြပါစို့ ။
Author: ခေတ်သစ်ဇီဝက