သွေးတိုးရောဂါဟာ အခုဆိုရင် အသက်အရွယ်မရွေး လူမျိုးမရွေးကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ WHO ရဲ့စစ်တမ်းကောက်ယူမှုအရ တစ်ကမ္ဘာလုံးမှာ သွေးတိုးရောဂါကြောင့်သေဆုံးမှုဟာ ၇.၅ မီလီယံခန့်ရှိပြီး ဒီပမာဏဟာ သေဆုံးမှုကိုဖြစ်စေတဲ့ အကြောင်းရင်းအားလုံးရဲ့ ၁၂.၈% လောက်တောင်ရှိနေပါတယ်။ အသက် ၂၅ နှစ်အထက်လူတစ်ရာမှာ ၄၀လောက်က သွေးတိုးရောဂါကို ခံစားနေရတတ်ပါတယ်။
သွေးတိုးရောဂါဟာ လေသင်တုန်းဖြတ်ရောဂါတွေ နှလုံးသွေးကြောကျဉ်းရောဂါတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်လို့နေပါတယ်။ ရွယ်တူခြင်းဆိုရင်တောင်မှ အပေါ်သွေး ၂၀ အောက်သွေး ၁၀ စီ မြှင့်တက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ ၂ ဆလောက်မြှင့်တက်နေတတ်ပါတယ်။
နှလုံးရောဂါအပြင် အခြားနောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ ကျောက်ကပ်ပျက်စီးတာတွေ ၊ အမြင်အာရုံကွယ်ပျောက်သွားတာတွေ ၊ အခြားသွေးကြောဆိုင်ရာရောဂါတွေ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါသေးတယ်။
ကြောက်စရာကောင်းတဲ့ နှလုံးရောဂါနဲ့ နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်ဖို့အတွက် သွေးပေါင်ချိန် ၁၄၀/၉၀ (အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ ) ကိုမကျော်အောင် သတိထားဆင်ခြင်သင့်ပါတယ်။ အကောင်းဆုံးကတော့ သွေးပေါင်ချိန်ကို အပေါ်သွေး ၁၂၀ အတွင်း အောက်သွေး ၈၀ အတွင်း ရှိအောင်ထားတာ အကောင်းဆုံးပါပဲ။
မိမိမှာ သွေးတိုးရောဂါ ရှိနေပြီဆိုရင်လည်း ဆေးပုံမှန်သောက်တာ ၊ အစားအသောက်ဆင်ခြင်တာ ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ ၊ဆေးလိပ်အရက်စတာတွေကို ရှောင်ကျဉ်တာ ၊ စိတ်ဖိစီးမှုကို လျော့ချတာတွေ လုပ်သင့်ပါတယ်။
သွေးတိုးမရှိဘူးဆိုရင်လည်း နောင်တစ်ချိန်မှာ ဖြစ်မလာအောင် အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေကို အနည်းငယ်သာစားတာ ၊ အဆီအဆိမ့်များတဲ့ အစားအစာတွေကို လျော့စားတာတွေ လုပ်သင့်ပါတယ်။ ကိုယ်အလေးချိန်များခြင်းဟာလည်း သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အချက်တစ်ခုဖြစ်တယ် ဆိုတာ သတိမူသင့်ပါတယ်။
သွေးတိုးရောဂါဟာ အသက်ငယ်တဲ့အရွယ်မှာဆို အမျိုးသားများမှာ ပိုဖြစ်တတ်ပြီး အသက်အရွယ်ကြီးတဲ့သူတွေမှာတော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ မိဘမျိုးရိုးမှာ သွေးတိုးရောဂါရှိသူတွေအတွက်လည်း မိမိမှာပါ ဖြစ်လာနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။
စိတ်ဖိစီးမှုအရမ်းများတဲ့သူတွေ စိုးရိမ်သောကအရမ်းများတဲ့ သူတွေမှာလည်း သွေးတိုးတတ်လို့ စိတ်ကို ပျော်အောင် အေးချမ်းအောင် တတ်နိုင်သမျှ ထားသင့်ပါတယ်။ နာတာရှည်ကျောက်ကပ်ယောင်ရောဂါတွေ နဲ့ ဆီးချိုရောဂါသည်တွေမှာလည်း သွေးတိုးဝေဒနာကိုပါ ခံစားရလေ့ရှိပါတယ်။ အချို့တွေမှာ ကိုယ်ဝန်ဆောင်နေချိန်တွေ ၊သန္ဓေတားဆေးတွေရဲ့ အာနိသင်တွေကြောင့် ခဏတာ သွေးတိုးတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒါ့အပြင် အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းကြောင့်လည်း သွေးတိုးတတ်ပါသေးတယ်။ သွေးတိုးရောဂါရဲ့ ကြောက်စရာကောင်းတာ တစ်ခုကတော့ သွေးတိုးရောဂါကို ခံစားရသူအများစုဟာ ရောဂါလက္ခဏာကို ခံစားရလေ့မရှိပါဘူး။
အချို့မှာပဲ ရောဂါလက္ခဏာခံစားရတာပါ။ ဒါကြောင့် အသံတိတ်လူသတ်သမားလို့တောင် အချို့တွေက ခိုင်းနှိုင်းကြပါတယ်။ ဒါဆို သွေးတိုးရောဂါ ရှိမရှိ ဘယ်လိုသိနိုင်မလဲ။ သွေးတိုးရောဂါ ရှိမရှိကို သွေးပေါင်ချိန်ကြည့်ခြင်း ၊ နှလုံးကို ECG ရိုက်ကြည့်ခြင်းတို့က တဆင့်သိနိုင်ပါတယ်။ အခုဆို ခလုတ်လေးနှိပ်ရုံနဲ့ အလိုအလျှောက် သွေးပေါင်ချိန်တိုင်းနိုင်တဲ့ စက်လေးတွေကို ဆေးဆိုင်တော်တော်များများနဲ့ shopping center တွေမှာ လွယ်ကူစွာ ဝယ်ယူနိုင်ပါပြီ။
ကိုယ့်မှာသွေးတိုးရောဂါရှိနေတယ်ဆိုရင်လည်း နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ကျောက်ကပ်ပျက်စီးခြင်းရှိမရှိ သိနိုင်ဖို့ သွေးစစ်ခြင်း ၊ တီဗွီ ဓာတ်မှန်ရိုက်ခြင်း တွေကို ပြုလုပ်သင့်တဲ့အပြင် ၊ မျက်စိမှာ ထိခိုက်မှု ှရှိမရှိကိုလည်း သိနိုင်ဖို့အတွက် မျက်စိဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။ အနေအထိုင် အစားအသောက်ကိုလည်း ဆင်ခြင်သင့်ပါတယ်။ သွေးတိုးရောဂါရှိသူဟာ တစ်နေ့ကို စုစုပေါင်း ဆားဓာတ် ၅ ဂရမ်လောက်သာ စားသင့်ပါတယ်။
ပုံမှန်လူတစ်ယောက်ဟာ ဆားကို ၉ ဂရမ်ကနေ ၁၂ ဂရမ်လောက်ထိ စားသုံးတတ်ကြပါတယ်။ ဆိုလိုတာက အရင်စားနေကျထက် ဆားကို တစ်ဝက်နီးပါးလောက်ကိုလျော့စားရမှာပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများကို များများစားသင့်ပါတယ်။ အစေ့အဆန်တွေ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။ Omega 3 ကြွယ်ဝတဲ့ ငါးအမျိုးမျိုးကိုလည်း တစ်ပတ်ကို အနည်းဆုံး ၃ ခါလောက်စားပေးသင့်ပါတယ်။
ဆရာဝန်ညွှန်ကြားတဲ့ သွေးပေါင်ကျဆေးကိုလည်း စနစ်တကျ သောက်သုံးသင့်ပါတယ်။ ငါဘာမှမဖြစ်တော့လို့ သောက်ဖို့မလိုဘူးဆိုပြီး မပေါ့ဆသင့်ပါဘူး။ ဂရုမစိုက်ဘဲနေလို့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲတွေဖြစ်လာခါမှ အသက်ဆုံးရှုံးရတာတွေ ၊ မသန်စွမ်းဖြစ်ရတာတွေကြောင့် နောင်တရတာမျိုးတွေ မဖြစ်စေလိုပါ။
မိမိမှာ သွေးတိုးရောဂါရှိနေပေမယ့် သေချာဂရုစိုက်မယ် ၊ အနေအထိုင်ဆင်ခြင်မယ်ဆိုလျှင်ဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပြီး လူ့သက်တမ်းစေ့နီးပါးနေနိုင်မှာပါ။ လူသားတိုင်းကြောက်စရာကောင်းလှတဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို သတိမူ ကာကွယ်နိုင်ရန် ဆုမွန်ကောင်းတောင်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
Author . Dr.မေ