ဆီးချိုရောဂါနှင့် အဖျား
ဒေါ်စန်းမြတစ်ယောက် မီးဖိုချောင် ပြတင်းပေါက်မှ နေ၍မိုးကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ မိုးသားတိမ်တိုက်တို့က မဲမှောင်နေကာ အညှိုးတကြီး ရွာချတော့မည်။ ဒေါ်စန်းမြတစ်ယောက် ဈေးမှ အိမ်သို့အမြန်ပြန်ရန် ပြင်ဆင်လိုက်သည်။ သို့သော် မိုးကားသည်းကြီးမဲကြီရွာချလိုက်ပြီ။
ညနေဖက်ရောက်တော့ မနက်မိုးမိထားသော ကြောင့် ဖျားချင်သလိုလိုဖြစ်နေပြီ။ အစားလည်း မစားချင်။ ကိုယ်လက်တွေလည်း မအီမသာနှင့် အဖျားလည်းတက်လာသည်။ ဆန်ပြုတ်လေး အနည်းငယ်သောက်၍ ပြန်အိပ်နေလိုက်သည်။ နောက်တစ်ရက်လည်း အဖျား မကျ။ ကိုယ်လက်တွေ ကိုက်ခဲနေကာ လဲနေမိသည်။ ညနေ အဖျားမကျရင်တော့ ဆေးခန်းသွားလိုက်မည်ဟု စဉ်းစားထားလိုက်သည်။ အစားလည်း မစားချင်သောကြောင့် ဆီးချိုဆေးတွေ မသောက်ပဲ နေလိုက်သည်။ အစားမစားထားပဲ ဆီးချိုဆေးတွေသောက်လိုက်ပါက သွေးတွင်း အချိုဓာတ်များ လွန်ကဲစွာ ကျသွားမည်စိုးသောကြောင့် ဆီးချိုဆေးကို ကိုယ့်သဘောနှင့် ကိုယ်ရပ်ထားလိုက်သည်။
အဖျားကျသွားသောကြောင့် ညနေဖက် ဆေးခန်းမသွားပဲ အိမ်မှာ နားနေလိုက်သည်။ နောက်တစ်ရက် မနက် အဖျားမကျပဲ ရှိနေပြန်သည်။ ဒေါ်စန်းမြတစ်ယောက် ညနေကျရင်တော့ ဆေးခန်းသွားဦးမည်ဟု စိတ်ထဲ တေးထားလိုက်သည်။ အဖျားရှိနေသောကြောင့် ဆန်ပြုတ်လေး သောက်ကာ အိပ်ယာထဲ လှဲနေလိုက်သည်။ မိုးတွေကလည်း တစ်နေကုန် ရွာနေကာ ရာသီဥတုကား အုံ့မှိုင်းနေသည်။
ညနေခင်း မိုးတိတ်နေချိန် လမ်းထိပ်ဆေးခန်းလေး ဆီသို့ အပြေးနှင်လိုက်သည်။ ဆေးခန်းထဲတွင် ကိုယ်လို နေမကောင်းသော လူနာများ များနေသည်။ အတော်ကြာစောင့်လိုက်ရပြီးမှ ဆရာဝန်မလေးနှင့် တွေ့ခွင့်ရသည်။
“ဖျားနေတာ ၂ ရက်ရှိပြီ ဆရာမရယ် အခုထိ အဖျား မကျသေးလို့ပါ ” ဒေါ်သောင်းတင်တစ်ယောက် အခန်းထဲဝင်ဝင်ချင်း ဆရာမလေးအား လှမ်းပြောလိုက်သည်။ ဆရာမလေးကား ဒေါ်သောင်းတင်အား ပြုံးကြည့်နေသည်။
“အဖျားကျဆေး သောက်လည်း ခဏပဲ အဖျားကျတယ်ဆရာမ။ ပြီးရင် အဖျားပြန်တက်တာပဲ။ အစားလည်း မစားချင်ဘူး။ ဆန်ပြုတ်သောက်နေရတယ်။
သိပ်လည်းမစားနိုင်ပါဘူး။ အဲဒါနဲ့ ဆီးချိုကျဆေးတွေတောင်ရပ်ထားလိုက်တယ်။ အစားမစားပဲ ဆေးတွေ သောက်နေတယ်ဖြစ်နေမှာ စိုးလို့ပါ ”
” ဆီးချိုဆေးတွေ ရပ်ထားတာလား” ဆရာဝန်မလေးက အလန့်တကြား ပြန်မေးလိုက်သည်။
“ဟုတ်တယ် ဆရာမရယ် ဆေးတွေ ရပ်ထားလိုက်တယ် ”
” ဒါဆို ဆီးချိုဘယ်လောက်ရှိလဲ သွေးဖောက်စစ်ကြည့်ရအောင်”
ဒေါ်စန်းမြဆီမှာ ဆီးချိုရှိနေသောကြောင့် ဆီးချိုဆေးတွေ သောက်နေရတာ ကြာပြီ။ အစားရှောင်ရသည်။ အစားကို ပုံမှန်စားကာ ဆီးချိုကို ထိန်းထားရသည်။ ဆရာဝန်မလေးဆီကို မှန်မှန်လာပြကာ ဆီးချိုပုံမှန်လာစစ်နေကြဖြစ်သည်။ သွေးဖောက်ကြည့်ပြီး
“ဆီးချိုတွေ အရမ်းတက်နေတယ်။ ဆေးတွေကို ရပ်လိုက်တာကြောင့်ဖြစ်တာ ” ဆရာဝန်မလေးကား အဖြေကို ကြည့်ပြီး ဒေါ် စန်းမြကိုပြောလိုက်သည်။
” နေမကောင်းတော့ အစားလည်း မစားနိုင်တာနဲ့ ဆီးချိုဆေးတွေ ရပ်လိုက်တာ ဆရာမရယ်။ ကျွန်မ ဒီနှစ်ရက် အစားလည်း ကောင်းကောင်းမစားနိုင်ပါဘူး။ နည်းနည်းပဲ စားနိုင်တာပါ ”
ဒေါ်စန်းမြ တစ်ယောက် ဆရာဝန်မလေးအား ပြန်ရှင်းပြလိုက်သည်။ မစားချင်သောကြောင့် ဆန်ပြုတ်လေး အနည်းငယ်သောက်ပြီး တစ်နေကုန်အိပ်နေခြင်းဖြစ်သည်။ ကိုယ့်ဘာသာလည်း မယုံချင်သလိုဖြစ်နေသည်။ ဆရာဝန်မအား မဝံမရဲနှင့် ပြန်မေးလိုက်သည်။
” ၂ ရက်စလုံး အစားလည်း အများကြီးမစားပါဘူး ဆရာမရယ်။ တစ်ကယ်ပါ။ ဆရာမ ဆီးချိုစစ်တဲ့ စက်များ မှားနေသလား”
ဆရာဝန်မလေးကား ဒေါ်စန်းမြအား မျက်လုံးပြူး၍ ကြည့်လိုက်သည်။ ဆရာဝန်လေး၏ စက်အား အဖြေမှားနေသလားလို့ ဒေါ်စန်းမြပြန်မေးလိုက်ခြင်းကို ပြန်ရှင်းပြနေပြန်သည်။
“စော်ကားတာ မဟုတ်ပါဘူး ဆရာမရယ်။ ” ဒေါ်စန်းမြတစ်ယောက် တောင်းပန်သံနှင့် ပြန်ရှင်းပြနေသည်။
” ရပါတယ်။ အဒေါ် စိတ်ကို ကျွန်မနားလည်ပါတယ်။ ဘာအစားအစာမှ မစားပဲ ဆီးချိုတွေ တက်နေတာကို အဒေါ်လည်း မဝံ့မရဲ ဖြစ်နေမှာပဲ။ ၂ ရက်တိတိ အစားတွေ မစားပဲ ဆီးချိုတက်နေတာကို အဒေါ် ကိုယ်တိုင်လည်း စိတ်ထဲ မယုံသင်္ကာဖြစ်နေတာ ကျွန်မ နားလည်ပါတယ်” ဆရာဝန်မလေးကား ဒေါ်စန်းမြအား နားလည်သည်ဟု ပြောလိုက်သောကြောင့် ဒေါ်စန်းမြတစ်ယောက် စိတ်အေးသွားသည်။
“ဒါဆို ဘာဖြစ်လို့ ဆီးချိုတွေတက်နေရတာလဲ ” သိချင်တာကို တစ်ခါတည်းမေးလိုက်သည်။
” သွေးတွင်း အချိုဓာတ် များနေတာက အစားအများကြီး စားလို့ များတယ်ဆိုတာ ပုံမှန်အားဖြင့် မှန်ပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ အချိန်တွေမှာ အစား မစားပဲနဲ့ ဆီးချိုတွေ တက်နေတဲ့ အခြေအနေမျိုးရှိတယ်။ အခုလိုမျိုးပေါ့ အဒေါ် ဖျားနေတဲ့ အချိန်မှာ အစား မစားပေမဲ့လည်း သွေးထဲမှာ အချိုဓာတ်ကို စစ်ကြည့်လိုက်ရင် များနေတတ်တယ်။ ဒါ ဘာကို ပြသလဲဆိုရင် အစားမစားလဲ ဆီးချိုတွေ တက် တက်တယ်ဆိုတာပဲ။ လူတစ်ယောက် ဖျားခဲ့ရင် ဒါမဟုတ် ခန္ဓာကိုယ်ထဲကို infection ခေါ်တဲ့ ရောဂါပိုးတစ်ခုခု ဝင်ခဲ့ရင် ခန္ဓာကိုယ်ရဲ့ ဇီ၀ ကမ္မ သဘောအရ သွေးထဲမှာ အချိုဓာတ်တွေ များနေတတ်တယ်။ အခုလည်း ဒီသဘောပါပဲ ဆီးချိုက တက်နေတာပါ။
အဒေါ် အစားတွေ အများကြီး မစားပဲ ဆီးချို တက်နေတာကို နားလည်ပါတယ်”
ဆရာဝန်မလေး ကား စိတ်ရှည်ရှည် ရှင်းပြပေးသောကြောင့် ဒေါ်စန်းမြတစ်ယောက် စိတ်ရှင်းသွားတော့သည်။ မိမိ အစားတွေ အလွန်အကျွံ စားလို့ ဆီးချိုတွေ တက်နေခြင်းမဟုတ်။
“ဒါကြောင့် ဆီးချိုသမားတစ်ယောက် ဖျားခဲ့မယ်ဆိုရင် ဆီးချိုဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်ထားလို့မရပါဘူး။ အဖျားကြောင့် သွေးထဲမှာ အချိုဓာတ်တွေ များနေတာတောင်ဖြစ်တတ်ပါတယ်။
အဲဒါကြောင့် ကိုယ့်သဘောနဲ့ ကိုယ် ဆီးချို ကျဆေးတွေ တိုးသောက်လို့လဲ မရပါဘူး။ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်သင့်တယ်။ ဆရာဝန်နဲ့သေချာပြသသင့်တယ်။ ”
“ဟုတ်ကဲ့ပါ ဆရာမရယ်။ ကျေးဇူးတင်ပါတယ် ”
ဒေါ်စန်းမြတစ်ယောက် ဆရာဝန်မလေးရှင်းပြသည်ကို ကျေနပ်ကာ ဆေးခန်းမှ ပြန်လာခဲ့သည်။ နောက်တစ်ခါ ဖျားရင် ဆရာဝန်မလေးဆီကိုသွားရမည်။ ကိုယ့်သဘောနှင့် ကိုယ်ဆေးတွေ သောက်နေလို့မဖြစ်ဘူးဆိုတာကိုလည်း နားလည်လိုက်သည်။ အခုတော့ မိုးမရွာခင် အိမ်သို့အ မြန်ပြန်ရမည်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးကားရွာတော့မည့် အရိပ်အယောင်။
Dr. အေးချမ်းမိုး