ကလေးများခဲဆိပ်သင့်ခြင်း

92

ခဲဆိပ်သင့်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ ကလေးများတွင်လည်း ဖြစ်နိုင်ပြီး အသက် လေးနှစ်အောက် ကလေးများတွင် ပို၍ဖြစ်နိုင်ပါသည်။ ခဲဓာတ်ကို ထိတွေ့မိခြင်း၊ မျိုချမိခြင်းနှင့် ရှုရှိုက်မိခြင်းတို့ကြောင့် ကလေးများ၏ ခန္ဓာကိုယ် အတွင်းသို့ ပို၍များပြားစွာ ဝင်ရောက်ပြီး ခဲဆိပ်သင့်နိုင်ပါသည်။ ကလေးများ တွင် ခဲဆိပ်သင့်သည့် လက္ခဏာများဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများခံစားရနိုင်ပါသည်။

ခဲဆိပ်သင့်ရသော အကြောင်းအရင်းများ

ခဲသတ္တုတူးဖော်သည့်လုပ်ငန်း၊ ဘက်ထရီလုပ်ငန်း၊ စဥ့်အိုးလုပ်ငန်းနှင့် ခဲအရည်ကျိုလုပ်ငန်းများသည် ခန္ဓာကိုယ် အတွင်းသို့ ခဲအမြောက်အမြား ဝင်ရောက်နိုင်သည့် လုပ်ငန်းများဖြစ်ပါသည်။ ထိုလုပ်ငန်းများကို အ ကာအကွယ်မဲ့လုပ်နေသော ပတ်ဝန်းကျင်တွင်နေကြသည့် ကလေးများအနေဖြင့် ခဲဆိပ်အငွေ့များကို ရှုရှိုက်မိ ခြင်းကြောင့် ခဲဆိပ်သင့်ပါသည်။

ခဲပါဝင်သော အိမ်သုတ်ဆေးများကို အသုံးပြုထားသည့် အဆောက်အအုံအနီးတွင် နေထိုင်ဆော့ကစားခြင်းနှင့် ခဲပါဝင် သည့် ကစားစရာများကို မျိုချမိခြင်းကြောင့်လည်း ခဲဆိပ်သင့်ပါသည်။ ခဲပါဝင်သည့် မြေကြီးတွင် ဆော့ကစားရင်း ပါးစပ်ထဲသို့ ဝင်ခြင်းနှင့် ခဲကိုထိတွေ့မိခြင်းတို့ကြောင့် ခဲဆိပ်သင့်တတ်ပါသည်။

သံပုရာရည်၊ ရှာလကာရည်၊ ပုစွန်ချဉ်၊ ငါးချဉ်နှင့် ချဉ်ဖတ်စသည့် အချဉ်ဓာတ်ပါဝင်သော အစားအသောက်များကို စဥ့်သုတ်ထားသော အိုးများတွင်ထည့်ထားခြင်းကြောင့် စဥ့်မှခဲဓာတ်များသည် အစားအသောက် ထဲသို့ စိမ့်ဝင်ပြီးခဲဆိပ်သင့် စေနိုင်ပါသည်။

ခဲဆိပ်ဝင်ရောက်ပုံ

ခဲသည် ခန္ဓာကိုယ်အထဲသို့ များစွာဝင်ရောက်လာပြီး သွေးထဲတွင်အများဆုံးရှိသင့်သော ပမာဏထက်ပို များပါက ခဲဆိပ် သင့်သည့် ဝေဒနာများခံစားရနိုင်ပါသည်။ ခန္ဓာကိုယ်အတွင်းသို့ အသက်ရှုရှိုက်ခြင်း၊ မျိုချမိခြင်း၊ အရေပြားနှင့်ထိတွေ့ ခြင်းတို့ကြောင့် ခဲများဝင်ရောက်ပြီး အဆိပ်သင့်တတ်ပါသည်။

ရေနှင့် အစားအစာများတွင် သဘာဝအလျောက် ပါဝင်နေခြင်းများကို စားသောက်မိခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ ဓာတ်ဆီသုံးမော်တော်ယာဉ်မှ ထွက်ရှိလာသော မီးခိုးများတွင် ပါဝင်သည့်ခဲဓာတ်ကို ရှုရှိုက်ခြင်းကြောင့်လည်း ခဲဆိပ်သင့်တတ် ပါသည်။

ကလေးများတွင် တွေ့ရသောခဲဆိပ်သင့်သည့် လက္ခဏာများ

ကလေးများတွင် ခဲဆိပ်သင့်ပါက သွေးအားနည်းခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ တက်ခြင်းနှင့် ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ခြင်းလက္ခဏာမျာ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

နောက်ဆက်တွဲ ဆိုးကျိုးများ

ခဲဆိပ်သင့်ခြင်းကြောင့် ကလေးများတွင် တက်ခြင်း၊ သတိလစ်ခြင်းနှင့် အသက်သေဆုံးသည့်အထိ အန္တရာယ်ရှိပါသည်။ အသက်မသေသည့်တိုင် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါသည်။ ပညာသင် ကြားမှုတွင်လည်း အနှောက်အယှက် ဖြစ်စေပါသည်။

ကလေးများခဲဆိပ်သင့်ခြင်းကို ကာကွယ်ခြင်း

ခဲဆိပ်အန္တရာယ်များသော လုပ်ငန်းများကို လူနေရပ်ကွက်များတွင် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ရပါ မည်။ ကလေးများအား ခဲဆိပ်သင့်သော ပတ်ဝန်းကျင်တွင် နေထိုင်ဆော့ကစားခြင်းကို ခွင့်မပြုသင့်ပါ။ အဆောက်အအုံများတွင်လည်း ခဲဓာတ်ပါဝင်သော သုတ်ဆေးများကို အသုံးမပြုသင့်ပါ။ ခဲပါသည့် အရောင်ချယ် ဆေး သုံးထားသောကစားစရာများနှင့် ခဲပါဝင် သော ကစားစရာများကို ဆော့ကစားခြင်းကို ခွင့်မပြုသင့်ပါ။ စဥ့်အိုးထဲတွင် အချဉ်ဓာတ်ပါဝင်သည့် အစားအသောက်များကို ထည့်၍စားသောက်ခြင်း မပြုလုပ်သင့်ပါ။

Author – ဒေါက်တာမြင့်သန်းထွန်း

READ :   နိုဗူးတိုက်ကျွေးခြင်း

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ