ရာသီပန်းပွင့်မနွမ်းစေချင်

ဆရာဝန်သက်တမ်းတစ်လျှောက် ဆေးခန်းထိုင်စဉ်အတွင်း အမျိုးသမီးတစ်ချို့ လာရောက်ပြသဆွေးနွေးကြတဲ့ ကိစ္စတွေထဲမှာ မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်ကိစ္စ (Unwanted Pregnancy) တွေလည်းပါပါတယ်။ တချို့ကျတော့ ကိုယ်ဝန်မရအောင် ဘယ်လိုတားဆီး၊ နေထိုင်ရမလဲဆိုတာကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးလို့ လာဆွေးနွေးကြတာဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကလည်း မိဘအုပ်ထိန်းမှုအောက်က ကင်းလွတ်တဲ့ အမျိုးသမီးငယ်တချို့ဟာ မလွန်ဆန်နိုင်တဲ့ အကြောင်းကြောင့်ပဲဖြစ်ဖြစ် အသစ်အဆန်းကို စမ်းသပ်ချင်တာကြောင့်ပဲဖြစ်ဖြစ်၊ ကိုရီးယားဇာတ်လမ်းတွေထဲက မင်းသား၊ မင်းသမီးတွေကို အားကျမိတဲ့ Korea Syndrome ကူးစက်ခံရလို့ပဲဖြစ်ဖြစ် မျိုးဆက်ပွား ကျန်းမာရေးအသိမရှိဘဲ အိမ်ထောင်မကျမီ လွန်ကျူးမိတတ်တာတွေ အများကြီး ရှိနေပါတယ်။ လွန်ကျူးပြီး ကိုယ်လေးလက်ဝန်ရှိလာခဲ့တော့မှ ကြောက်လန့်ပြီး ကိုယ်ဝန်ဖျက်ချဖို့ ကြံစည်ကြိုးစားလာကြပါတော့တယ်။ အဲ့ဒီအခါ နီးစပ်ရာ ဆေးခန်းတွေမှာ ကိုယ်ဝန်ပျက်နိုးနိုးနဲ့ တားဆေးထိုးတာမျိုး၊ ကိုယ်ဝန် ဖျက်ပေးသူ ( Abortionist) ဆီမှာ ဖျက်ချတာမျိုး၊ သွေးပုပ်ချဆေး ဆိုးတာမျိုးတွေ မှီဝဲသောက်သုံးတာမျိုး၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တာမျိုး စသည်ဖြင့် စိတ်ကူတည့်ရာ လျှောက်လုပ်ကြပါတော့တယ်။

ဒီအခါမှာ သန္ဓသားရော၊ ကိုယ်ဝန်ဆောင် အမျိုးသမီးရော အသက်အန္တရာယ်ဖြစ်တဲ့အထိ ဒုက္ခတွေ့သွားတာမျိုးတွေ ဖြစ်သွားတတ်ကြပါတယ်။ ကျနော့်ဆီကို လာဆွေးနွေးကြတဲ့အခါ သန္ဓအောင်ပြီးသူတွေကိုတော့ သူတို့ဘယ်လိုပဲပြောပြော လုပ်မပေးနိုင်ဘူးလို့ ရင်နာနာနဲ့ ငြင်းလွှတ်ခဲ့ရတာချည်းပါပဲ။ ကျနော်တို့ ဆရာဝန်တွေဟာ လူ့အသက်ကယ်ဖို့ သစ္စာဆိုထားကြသူတွေပါ။ လူ့အသက်သတ်လို့ လုံးဝမရပါဘူး။ ချွင်းချက်အနေနဲ့ ရောဂါတစ်ခုခုကြောင့် မိခင်ရော ကလေးပါဒုက္ခရောက်နိုင်၊ အသက်အန္တရာယ် ကြုံရနိုင်တဲ့ အခြေအနေတချို့မှာတော့ သန္ဓေသားပျက်ကျအောင် တမင်ဖျက်ချပေးရတဲ့ Therapeutic Abortion ကိုလုပ်ပေးရတာတွေတော့ ရှိပါတယ်။ မိခင်ရော၊ ကလေးရော ရှင်သန်နိုင်တဲ့ အခြေအနေမှာ၊ ဘာမှမဖြစ်နိုင်တဲ့သူတွေမှာ ဒီ Therapeutic Abortion ကိုမလုပ်ရပါဘူး။ လက်ရှိဘဝရော၊ သံသရာအတွက်ပါ အပြစ်ဖြစ်ပါတယ်။ အချို့မိန်းကလေးတွေဟာ အိမ်ထောင်မကျမီ လွန်ကျူးမိကြလို့ ကိုယ်ဝန်ရှိလာတဲ့အခါ နောက်ဆက်တွဲ လူမှုရေးပြဿနာတွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကြားမှာ အရှက်ကို ဖုံးဖိဖို့ ကြိုးစားကြရင်း အသက်ပါ ပါသွားရတဲ့အဖြစ်တွေကို မကြာခဏ ကြားသိနေရပါတယ်။

-- Advertisement --

ဒါတွေဘာကြောင့် ဖြစ်လဲဆိုတော့ မျိုးဆက်ပွားကျန်းမာရေး အသိမရှိကြလို့ပဲ ဖြစ်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးလို့ ဆိုလိုက်ရင် အရမ်းကျယ်ပြန့်တာမို့ အခုကျနော့် ဆောင်းပါးမှာတော့ သိသင့်သိထိုက် သလောက်ဘဲ မှတ်သားရလွယ်အောင် ရေးသားပေးပါမယ်။ ဒါဟာ မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေးဆောင်းပါး တစ်ပုဒ်ဆိုပေမယ့် ပဋိသန္ဓေတားဆီးနိုင်ဖို့ အတွက်လောက်ကိုပဲ ဦးတည်ရေးသွားမှာပါ။ ကျန်တဲ့အပိုင်းတွေ အများကြီးရှိပါလိမ့်မယ်။ ဒီလိုရေးရတဲ့ ရည်ရွယ်ချက်ကလည်း ပဋိသန္ဓေရပြီးမှ ဖျက်ချကြတာထက် ပဋိသန္ဓေမရခင်က စနစ်တကျ ကြိုတင်ကာကွယ်တတ်စေဖို့အတွက်ကို ပိုရည်ရွယ်တာဖြစ်ပါတယ်။ အဓိကတော့ လိင်ဆက်ဆံတာတွေကို တားဆီးမရနိုင်တဲ့ အတူတူကိုယ်ဝန်ရပြီးမှ ကလေးဖျက်ချတာထက် မရခင်က ကြိုကာကွယ်တတ်ရင် ကလေးအသက်၊ လူကြီးအရှက်ကို မထိခိုက်စေလိုရင်း ရည်ရွယ်ချက်ပါ။ မူလ မျိုးဆက်ပွားကျန်းမာရေးရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်ပြောတာထက် အများကြီး လေးနက်တဲ့အပြင် အများကြီး အဓိပ္ပါယ်ပြည့်ဝပါတယ်။

ဘယ်ကစပြောရမလဲဆိုရင် ကိုယ်ဝန်ဘာကြောင့်ရသလဲဆိုတာကနေ စပြောရမယ်ထင်ပါတယ်။ ကိုယ်ဝန်ဘာကြောင့်ရသလဲဆိုရင် ယောကျာၤးရဲ့လိင်ဆန္ဒ ပြည့်ဝတဲ့အချိန်မှာ ထုတ်လွှတ်တဲ့ သုတ်ပိုးနဲ့ မိန်းမရဲ့ မျိုးဥကြွေချိန်မှာ သားဥပြွှန်ထဲဆင်းလာတဲ့ မမျိုးဥတို့ ပေါင်းစပ်မိရာကနေ ပဋိသန္ဓေတည်၊ ကိုယ်ဝန် စရစေပါတယ်။ ဒီလိုကိုယ်ဝန်ရနိုင်ဖို့အတွက် ယောကျာၤးဖြစ်သူရဲ့သုတ်ပိုးဟာ ကျန်းမာသန်စွမ်းတဲ့ ပုံမှန်သုတ်ပိုးဖြစ်ရမှာ ဖြစ်သလို မိန်းမရဲ့ မျိုးဥဟာလည်း ပုံမှန်သားဥပြွန်ထဲမှာ အသင့်စောင့်နေရမှာ ဖြစ်ပါတယ်။

မိန်းမတွေဟာ အသက် ၉ နှစ်လောက်ကစပြီး လစဉ်ဓမ္မတာသွေးပေါ်တတ်ပါတယ်။ ဒါဟာ ဦးဏှောက်ထဲက Hypothalmus လို့ခေါ်တဲ့ အစိတ်အပိုင်းကနေ GnRH ( Gonadotrophin Re-leasing Hormone) လို့ခေါ်တဲ့ အချက်ပြဟော်မုန်းထုတ်ပေးပြီး အဲ့ဟော်မုန်းက Anterior Pituitary လို့ခေါ်တဲ့ အကျိတ်ဂလင်းကို လှုံ့ဆော်ပေးတဲ့အခါ Gn( Gonadotrophin) ဆိုတဲ့ အချက်ပြဟော်မုန်းထွက်လာပြီး မျိုးပွားအင်္ဂါတွေကို ထပ်ဆင့်လှုံ့ဆော်ပေးရာကနေ စဖြစ်လာတာပါ။ သွေးပေါ်တဲ့အခါမှာ ၂၈ ရက်ခြားတစ်ခါဖြစ်ဖြစ်၊ တစ်လတစ်ခါဖြစ်ဖြစ် သွေးမဆုံးခင်အချိန်ထိ ပုံမှန်ပေါ်ရပါတယ်။ တစ်ခါပေါ်ရင် ၃ ရက်ကနေ ၅ ရက်ထိ ပေါ်တတ်ပါတယ်။

၂၈ ရက်တစ်ခါ သွေးပေတယ်ပဲ ဆိုကြပါစို့။ ပုံမှန်အားဖြင့် သွေးပေါ်ပြီး ၁၄ ရက်အကြာမှာ မျိုးဥစကြွေပါတယ်။ မျိုးဥကြွေတယ်ဆိုတာ မျိုးဥအိမ် (Ovary) ထဲက မမျိုးဥ (Ovum) က သားဥပြွန် (fallopian tube) ထဲကို ဆင်းလာတာကို ခေါ်တာဖြစ်ပါတယ်။ ရာသီသွေးဆင်းတာကို မျိုးဥကြွေတယ် (ဝါ) သားဥကြွေတယ် လို့ အမှတ်မှာနေ ကြတဲ့သူတွေရှိလို့ ပြောတာပါ။ ဓမ္မတာလာတဲ့အချိန်က မျိုးဥကြွေချိန်လို့ အမှတ်မှားပြီး ဓမ္မတာလာတဲ့အချိန်ကို ကလေးရမှာစိုးလို့ ရှောက်ကြတဲ့သူတွေ တကယ်ဘဲရှိပါတယ်။ တကယ်တော့ ဓမ္မတာရာသီသွေးပေါ်တာက မျိုးဥကြွေတာ မဟုတ်ပါဘူး။ ကျားသုတ်ပိုးနဲ့ မပေါင်းစပ်ရတဲ့အတွက် မမျိုးဥက ပျက်စီးသွားပြီး သားအိမ်အတွင်းနံရတွေ ပြိုဆင်တာဖြစ်လို့ အဲဒီ့အချိန်မှာ လိင်ဆက်ဆံရင် ဘယ်လိုမှ ကလေးမရနိုင်ပါဘူး။
ရာသီသွေးပေါ်ပြီး ၁၄ ရက်အကြာမှာမှ မျိုးဥစကြွေပါတယ်။ မျိုးဥကြွေတဲ့အခါ အမျိုးသမီးတွေမှာ ကိုယ်အပူချိန်အနည်းငယ် မြင့်တက်တာ၊ ဆီးခုံတစ်ဝိုက်က အောင့်တာ( Ovulation pain) လိင် စိတ်နိုးကြွတာမျိုးတွေ ရှိပါတယ်။ စစ်တမ်းတစ်ခုအရ အမျိုးသမီးအများစုဟာ အဲ့ဒီမျိုးဥကြွေခါနီးအချိန်နဲ့  မျိုးဥကြွေချိန်မှာ သူတို့ရဲ့မျက်နှာကို ပုံမှန်ထက်ပိုပြီး စွဲဆောင်မှုရှိအောင် ဖီးလိမ်းပြင်ဆင် ထားတတ်ကြပါသတဲ့။ အဲ့ဒီမျိုးဥကြွေပြီး ၇ ရက်အတွင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရင်၊ တားဆေးမသုံးထားဘူး၊ တခြားချို့ယွင်းချက်တွေလည်း မရှိဘူးဆိုရင် သေချာပေါက် ကလေးရပါလိမ့်မယ်။

READ :   သင့်ရဲ့ရာသီလာခြင်းကို အမျိုးအစားခွဲပါ

ယောကျာ်းတစ်ယောက်ရဲ့ လိင်ဆန္ဒပြည့်ဝလို့ တစ်ခါလွှတ်တဲ့သုတ်ရည်ထဲမှာ သုတ်ပိုးအရေအတွက် ပျမ်းမျှသန်း ၃၀၀ (မြန်မာတစ်နိုင်ငံလုံးလူဦးရေတောင်မှ သန်း ၅၀ ပဲရှိတယ်) လောက်ပါပါတယ်။ အဲ့ဒီ သန်း ၃၀၀ လောက်ထဲကမှ ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုး ၃၀ လောက်သာ မိန်းမမွေးလမ်းကြောင်းအင်္ဂါ (Vagina tract)၊ သားအိမ်၀ (Cervix)၊ သားအိမ် (Uterus) ကို ဖြတ်ပြီး သားဥပြွန် (Fallopian tube) ထဲမှာရှိတဲ့ မမျိုးဥဆီကို အရောက်လှမ်းနိုင်ပါတယ်။ အဲဒီ ဆန်ကာတင် ၃၀ ထဲကမှ အသန်မာဆုံးသုတ်ပိုးတစ်ကောင်ကသာ မမျိုးဥနဲ့ ပေါင်းစပ်နိုင်တာဖြစ်ပြီး သန္ဓေအောင်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ စကားစပ်လို့ ပြောချင်တာက အမွှာဆိုတဲ့ အကြောင်းပါ။ ပုံမှန်အားဖြင့် မျိုးဥကတစ်လမှ တစ်ဥသာ ပုံမှန်ဆင်းတတ်ကြပေမယ့် တချို့မျိုးဥကြွေဆေးကြောင့်ပဲဖြစ်ဖြစ်၊ မျိုးရိုးကြောင့်ပဲဖြစ်ဖြစ် မမျိုးဥ နှစ်ဥနဲ့ အထက်ဆင်းလာတဲ့အခါမှာ အဲ့ဒီမမိျိုးဥတစ်ခုစီကို အခုနက သုတ်ပိုး တစ်ကောင်စီဝင်ပြီး အမွှာသန္ဓေ (Twin pregnancy, Multiple pregnancy) တွေ ဖြစ်တတ်ပါတယ်။

အဲ့လို မမျိုးဥအများကြီးဆင်းတာမဟုတ်ဘဲ တစ်ဥထဲမှာကို သုတ်ပိုးနှစ်ကောင်နဲ့အထက် ဝင်မိရင်လည်း အမွှာဖြစ်တတ်ပါသေးတယ်။ ဒါပေမဲ့ အဲ့လိုတစ်ဥထဲမှာဖြစ်တဲ့ အမွှာက နှစ်ယောက်လုံးရှင်တာ ရှိတယ်ဆိုပေမယ့် နှစ်ယောက်လုံးမရှင်ဘဲ ပိုအားကောင်းတဲ့ကောင်က မိခင်ဆီကသွေးပိုစုပ်ယူပြီး မစုပ်ယူနိုင်တဲ့ကောင်က ပိန်လှီခြောက်ကပ်ပြီး သေသွားတတ်တာမျိုးလည်း ရှိပါတယ်။ အဲ့လို ပိန်လှီခြောက်ကပ်ပြီး သေသွားတဲ့ကလေးကိုတော့ အရပ်အခေါ်နဲ့ လူခြောက် လို့ခေါ်ကြပါတယ်။ ဒါက ဗဟုသုတပါ။ အခုနက ဖြစ်စဉ်ကိုဆက်ရရင် သားဥပြွန်ထဲမှာ သန္ဓေအောင်တဲ့သားဥဟာ အဲ့ဒီပြွှန်ထဲမှာရှိတဲ့ အမွှေးအမြှင်တွေရဲ့ တွန်းပို့မှု၊ ပြွန်ရဲ့လှုပ်ခါမှုတွေကြောင့် ပြွန်ထဲကနေ သားအိမ်ဆီကို ရွေ့လျားသွားကြပါတယ်။ အဲ့လို မရွေ့လျားဘဲ ပြွှန်ထဲမှာပဲ ဆက်သန္ဓေတည်နေရင်ဘဲဖြစ်ဖြစ် သားအိမ်ဘက်ကို သွားရမယ့်အစား ပြွှန်အပြင်ဘက်ကို ရောက်သွားပြီး ဝမ်းဗိုက်ထဲကို ရောက်သွားရင်ပဲဖြစ်ဖြစ်၊ နေရာမှားပြီး သန္ဓေတည်တဲ့ Ectiopic pregnancy ဆိုတာ ဖြစ်လာပါတယ်။ ဒါဟာ အချိန်မီမသိရှိရင်၊ သိပေမယ့် အချိန်မီ မခွဲစိတ်နိုင်ရင် မိခင်အသက်ဆုံးရှုံးနိုင်တဲ့ သားဖွားမီးယပ်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုပါ။

အခုနက သားဥပြွန်ဆီကနေ ဆင်းလာတဲ့ သန္ဓေအောင်သားဥဟာ သားအိမ်မှာရှိတဲ့ သန္ဓေတည်မယ့်နေရာ အရောက်မှာ ရပ်တန့်သွားပြီး အသင့်ကာရံပြီး ခင်းထားတဲ့ သားအိမ်အတွင်း နံရံ (Endometrium) ထူထူမှာ အချင်း (Placenta) စတွယ်ပါတယ်။ ဒီအချင်းကနေ HCG (Human Chorionic Gonadot- rophin) လို့ခေါ်တဲ့ ဟော်မုန်း ကိုထုတ်ပေးပါတယ်။ အဲ့ဒီဟော်မုန်းဟာ အချင်းကတစ်ဆင့် မိခင်ရဲ့ ဆီးထဲကို ရောက်သွားပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်တယ်ဆိုတာ အခုနက့HCG ဟော်မုန်းဓာတ်ကို စစ်တာပါ။ ကိုယ်ဝန်ရနိုင်တဲ့ အကြောင်းမရှိဘဲ ဆီးထဲမှာ HCG တွေ့ရင် ဟော်မုန်းဆိုင်ရာ တခြားရောဂါတွေ ရှိနေနိုင်ပါတယ်။

အခုနကလို မျိုးဥလေးစောင့်ဆိုင်းနေတဲ့ တစ်ပတ်အတွင်းမှာ သန္ဓေမအောင်ခဲ့ရင် မျိုးဥလေးဟာ ပိန်ခြောက်သွားပြီး ပျက်စီးသွားပါတယ်။ အဲ့လိုပျက်စီးသွားပြီး ဒီတစ်လအတွက် သန္ဓေအောင်ဖို့မရှိတော့ဘူးဆိုရင် သန္ဓေအောင်ခဲ့ရင် နေရအောင်ဆိုပြီး ခင်းကျင်းထားတဲ့ ပန်းမွေ့ယာရွှေကောဇော သားအိမ်အတွင်း နံရံဟာလည်း မျိုးဥအသေလေးနဲ့အတူ မိန်းမကိုယ်ကတဆင့် ပြိုဆင်းသွားရပါတော့တယ်။ ဒါကို ရာသီသွေးပေါ်တယ်၊ ဓမ္မတာလာတယ်လို့ ဆိုကြတာပါ။ ရာသီသွေးပေါ်ပြီး နောက်မျိုးဥမကြွေခင်အထိ သားအိမ်နံရံဟာ နောက်မျိုးဥ သန္ဓေအောင်ခဲ့ရင် အဆင်သင့် အမြစ်တွယ်ကြီးထွားနိုင်အောင် တဖြည်းဖြည်း ပြန်ထူလာခဲ့ပါတယ်။ အဲ့လိုမထူခဲ့ရင် သန္ဓေအောင်ရင်တောင်မှ သန္ဓေအောင်တဲ့သားဥက သားအိမ်နံရံကို အချင်းနဲ့မြဲမြဲ မကုပ်တွယ်နိုင်တော့တာမို့ ကိုယ်ဝန်ပျက်ကျပြီး ကလေးမရနိုင်ဖြစ်တတ်ပါတယ်။ အဲ့လိုပဲ မျိုးဥက ကြွေသားအိမ်နံရံကထူ၊ သန္ဓေမအောင်ရင် မျိုးဥသေ၊ သားအိမ်နံရံကြွေဆင်းနဲ့ သွေးမဆုံးခင်အထိ သံသရာလည်နေပါတယ်။ ဒါကြောင့် ကလေးလိုချင်တယ်ဆိုရင် မျိုးဥကြွေတဲ့အချိန်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံရမှာဖြစ်ပြီး ကလေးမလိုချင်ရင်တော့ မျိုးဥကြွေတဲ့အချိန်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကို ရှောင်ရမှာဖြစ်ပါတယ်။ ဒီမျိုးဥကြွေတဲ့၊ သန္ဓေအောင်တဲ့ ဖြစ်စဉ်ကို အခြေခံပြီး ကိုယ်ဝန်မရအောင် ကာကွယ်တားဆီးနိုင်တဲ့နည်းစနစ်တွေ ပေါ်လာရပါတယ်။

Health care / vol: 7/ no:38/ pg:21/ ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ