သားသည်မိခင်တွေအတွက် ပြဿနာတစ်ခုက နို့ကြောင်းပိတ် ပြဿနာပါပဲ။ တချို့လည်း မဖြစ်ကြပါဘူး။ တချို့က တစ်ခါဖြစ်ဖူးတယ်။ ခွဲစိတ်ခံလိုက်ရတယ်။ နောက်ကလေးရှိလာတော့ နောက်ထပ်ဖြစ်ကြပြန်ရော။
နို့ကြောင်းလေးတွေဆိုတာ အပျိုဖော်ဝင်စကတည်းက သဘာဝအလျောက် ဖြစ်တည်လာခဲ့တယ်။ ရင်သားကြွက်သားလွှာရဲ့ အပေါ်ဘက် အဆီပြင်ထဲမှာ ပြွန်လေးတွေက နို့သီးခေါင်းထိပ်ဆီကို ဦးတည်ပြီး စုစည်းလာကြတယ်။ နို့သီးခေါင်းထိပ်မှာ လာပြီး ပွင့်ကြပါတယ်။ ကိုယ်ဝန်ရှိလာတဲ့အခါ ရင်သားကလည်း ကလေးကို နို့တိုက်ဖို့အတွက် ကြီးထွားလာကြတယ်။ နို့ချောင်းပြွန်တွေ ဖွံ့ဖြိုးလာကြတယ်။
ကိုယ်ဝန်သုံးလကျော်လောက်မှာတောင် ရင်သားကို ညှစ်ကြည့်လျှင် နို့ရည်ကြည်တွေ ထွက်လာပါတယ်။ ဆိုလိုတာက ကလေးနို့မတိုုက်ခင် နို့ကြောင်းပြွန်မှာ နို့ရည်တွေ စုစည်းထားနှင့်ပြီး နို့ကြောင်းပြွန်ကလည်း ပြင်ပနှင့် ဆက်သွယ်မိပြီး ရောဂါပိုးက နို့သီးခေါင်းထိပ်ကနေပြီး ပြွန်ထဲဝင်နိုင်တဲ့ အဆင့်ရှိပါတယ်။
ဒါကြောင့် ကလေးတောင် နို့မတိုက်ရသေးဘူး (သို့မဟုတ်) အပျိုစင်ဘဝမှာပဲ နို့ချောင်းပြွန်ရောင်ပြီး နို့ကျိတ်ထွက် ပြည်တည်ကိုက်ခံပြီး ခွဲစိတ်ရတဲ့ သူတောင် ရှိတတ်ပါတယ်။
အဲဒီလို သန္ဓေသားမထွက်ခင် နို့ချောင်းပြွန်မှာ နို့ရည်တွေ အဆင်သင့် စုစည်းနိုင်ဖို့ ဦးနှောက်ထဲက ပီကျူထရီဂလင်းကနေ ဟော်မုန်းတစ်မျိုးထုတ်ပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားပေးပါတယ်။
ကလေးမွေးပြီးနောက် ကလေးရဲ့ ပါးစပ်ကနေ နို့သီးခေါင်းစုပ်တဲ့အခါ အာငွေ့ကနေ နို့သီးခေါင်းကို လှုံဆော်တဲ့အတွက် နို့ထွက်လာပါတယ်။ တချို့ နို့မထွက်ဘူး။ နို့ထွက်နည်းသူတွေက ကလေးနို့တိုက်ဖို့ စိတ်ပျက်တဲ့အတွက် လှုံ့ဆော်မှုနည်းပြီး နို့က ပိုလို့တောင်မထွက်။ ကလေးက နို့စို့ဖို့ အားမရှိတာ၊ နို့စို့ဖို့ အခက်အခဲဖြစ်တာတွေဖြစ်ရင် ခင်ပွန်းသည်က ဝင်ပြီး နို့စို့ရပါမယ်။
နို့သီးခေါင်းက ရင်သားအပြင်ကို စူထွက်နေရပါမယ်။ တချို့က နို့သီးခေါင်း မြုပ်နေတဲ့အတွက် ကျီးကန်းပါးစပ်လို့တောင် ပြောကြတယ်။ အဲဒီလိုဖြစ်လျှင် ကိုယ်ဝန်ရှိနေစဉ်မှာ နို့သီးခေါင်း အပြင်ထွက်အောင် ပိုက်နဲ့ဆွဲတာ၊ လက်နဲ့ဆွဲထုတ်တာ၊ နို့သီးခေါင်းရှည်ထွက်အောင် ဆွဲတာတွေ လုပ်ရပါတယ်။
နို့သီးခေါင်းပုံပျက်တာ၊ ကလေးက နို့မစို့တာတွေကြောင့် ထွက်နေတဲ့ နို့ရည်တွေဟာ ပြွန်ထဲမှာ စုစုပြီးလာခဲတတ်ပါတယ်။ အဲဒီအခါ ရင်သားက တင်းလာမယ်။ ပြည်တည်လာပြီဆိုရင် ရောင်ရမ်းကိုက်ခဲမှု ဖြစ်တတ်လာပါတယ်။ အဲဒီအခါမှာ တတ်နိုင်သလောက် ညှစ်ထုတ်၊ ကလေးကိုလည်း စုပ်ခိုင်း၊ ထွက်ကျလာတဲ့ နို့ရည်ကိုလည်း စစ်ဆေးရပါမယ်။ နာနေတဲ့ နေရာကို ရေခဲအုံပေးတာတွေလုပ်ပြီး လက်နဲ့ခြေပြီး ခဲနေတဲ့ နို့ထွက်ပြီး နို့မှန်မှန်ပြန်စီးပြီဆိုလျှင် ကံကောင်းလှပါတယ်။
ရင်သားကိုသန့်ဖို့ လိုပါတယ်။ ကလေးနို့မတိုက်ခင်၊ တိုက်ပြီး ဆေးကြောရပါမည်။ များသောအားဖြင့် နို့တိုက်ပြီးတာနဲ့ အတွင်းခံအောက် ထိုးသွင်းလိုက်ကြတာကို တွေ့ရပါတယ်။ တစ်နေ့မှ တစ်ခါတောင် ကောင်းကောင်းဆေးကြတာမဟုတ်။ ကိုယ့်ရဲ့ရင်သားက တင်းနေပြီဆိုလျှင် စောစောလုပ်ရပါမယ်။ တစ်နေ့က နို့ချောင်းပိတ်ခဲ့လို့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ခွဲစိတ်ခံရဖူးတဲ့ လူနာတစ်ယောက် ရောက်လာတယ်။ အရင်လို ဖြစ်မှာစိုးလို့ဆိုပြီး လာပြတော့ ကြိုတင်ပြတာလို့ပြောတယ်။ တကယ်တော့ နည်းနည်းတောင် နောက်ကျနေပါပြီ။ နို့အိမ်တင်းနေတာကို ရေခဲအုံ၊ ညှစ်ထုတ် လုပ်ရင်းက ကောင်းနိုးကောင်းနိုး စောင့်ကြည့်ရင်းက ကိုက်လို့ လာပြတဲ့အဆင့် ရောက်နေပါပြီ။ တကယ်လို့ စောတယ်လို့ မဆိုနိုင်ဘူး။ ခုတော့ ပိုးသတ်ဆေးထိုးတာ၊ ဆေးတိုက်တာပဲ လုပ်နေရတယ်။ နည်းနည်းစောင့်ကြည့်လို့မှ နေ့ကိုက် ညကိုက် ဆိုလျှင်တော့ ခွဲရပေလိမ့်မယ်။
ရင်သွေးငယ်တွေကို နို့တိုက်လျှင် ဘက်ညီတိုက်သင့်ပါတယ်။ နို့ထွက်က တစ်ဖက်နှင့် တစ်ဖက် တူချင်မှ တူကြတာ။ ရင်သွေးတွေက လွယ်လွယ်စို့လို့ ရတဲ့ဖက်ကို ပိုကြိုက်တယ်။ ခက်တဲ့ဖက်ဆိုလျှင် ငြင်းဆန်ကြတယ်။ စို့ချိန်ကြာတတ်တော့ လူကြီးကလည်း စိတ်မရှည်တော့ဘဲ ပြီးစလွယ် လွယ်တဲ့ဖက်ကိုပဲ တိုက်မိတော့ မတိုုက်မိတဲ့ ရင်သား နို့ချောင်းပိတ်ပြီပေါ့။
များသောအားဖြင့် ၉၀ ရာခိုင်နှုန်းကျော်ကိုကြည့်လိုက်ရင် ရင်သားတစ်ဖက်သေး၊ တစ်ဖက်ကြီး ဖြစ်နေကြပါတယ်။
မျှမျှတတ ဘက်ညီတိုက်မှ ရင်သားနှစ်ဖက်ညီမှာ ဖြစ်ပါတယ်။
Author: အေးကမ္ဘာဒေါက်တာချစ်