ဒီနေ့ဟာ world pneumonia day ဖြစ်ပါတယ်။ pneumonia လို့ခေါ်တဲ့ အဆုတ်အအေးမိခြင်းကို ဘာလို့ နေ့တွေ သတ်မှတ်ခဲ့ရတာလဲဆိုရင် အဖြစ်များပြီး အသက်အန္တရာယ် ရှိတဲ့ ရောဂါတစ်ခုဖြစ်လို့ ကြိုတင် ကာကွယ်နိုင်အောင်၊ ဖြစ်လာခဲ့ရင် အချိန်မှီ ကုသနိုင်အောင် လူတိုင်းသိရှိစေဖို့ နှစ်စဉ်နှစ်တိုင်း ၁၁ လပိုင်း ၁၂ ရက်နေ့ကို ကမ္ဘာ့နမိုးနီးယားနေ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နမိုးနီးယားရောဂါဟာ ဆိုးဝါးပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဒီရောဂါကြောင့် စက္ကန့် ၂၀ တိုင်း ကလေးတစ်ယောက်နှုန်း အသက်ဆုံးရှုံးနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ကလေးတွေကို သေဆုံးစေတဲ့ အဖြစ်အများဆုံး ရောဂါစာရင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်လို့နေပါတယ်။
နမိုးနီးယားရောဂါဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် နှင့် မှိုပိုးများ ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ ကူးစက်ခံရပုံကတော့ လေထဲမှတဆင့် ရောဂါပိုးများ ပါဝင်သော အမှုန်များကို ရှုမိခြင်းမှသော်လည်းကောင်း ၊ ရောဂါပိုး ကပ်ညှိနေသော ပစ္စည်းများကို ကိုင်တွယ်ထားသော လက်မှသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။
နမိုးနီးယားရဲ့ ရောဂါ လက္ခဏာတွေကတော့
• ချောင်းဆိုးခြင်း ( ချောင်းခြောက်လည်း ဖြစ်နိုင်သလို ဝါဖန့်ဖန့်ရောင် သို့မဟုတ် အစိမ်းဖျော့ရောင် ရှိသော သလိပ်ပါတာမျိုးလည်း ဖြစ်နိုင်တယ်။ တစ်ခါတစ်ရံ သွေးစ အနည်းငယ်ပါတာမျိုး ရှိတယ်။)
• ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် အသက်ရှူတဲ့ အခါ ရင်ဘတ်အောင့်တာမျိုး ဖြစ်တတ်တယ်။
• မောတာ ၊ အသက်ရှူ ကြပ်တာမျိုး ခံစားရနိုင်တယ်။
• ဖျားတတ်တယ်
• ချမ်းတုန်တတ်တယ်
• တချို့မှာ ပျို့တာ ၊ အန်တာတွေ ၊ ဝမ်းသွားတာတွေ ရှိတတ်တယ်
• နေမကောင်းသလို ခံစားရပြီး နူန်းချိနေတာမျိုးတွေ ရှိတယ်
• ကလေးငယ်တွေမှာဆို နို့ကောင်းကောင်း မစို့တာ ၊ ဂျီတာ အီတာတွေ ရှိတယ်
• အသက်ရှူတဲ့အခါ ရင်ဘတ်ကြွက်သား ချိုင့်ဝင်ရလောက်အောင် အားစိုက်ပြီး ရှူနေရတာမျိုး ၊ အသက်ရှူ မြန်တာမျိုးတွေ ရှိတယ်
• ပြင်းထန်တဲ့ အဆင့်မှာဆို ကလေးက ဘာမှ မစားမသောက်တော့ဘဲ မှိန်းနေတာ ၊ တက်တာ ၊ သတိလစ်သွားတာတွေထိ ဖြစ်တတ်တယ်။
• သက်ကြီးရွယ်အိုတွေမှာ ဖြစ်ရင် မဖျားဘဲ ခန္ဓာကိုယ်က အေးစက်နေတာမျိုးတွေ ရှိသလို
• သတိကောင်းကောင်း မရှိတော့ဘဲ စကားတွေ ပြောချင်တာ လျှောက်ပြောနေတာမျိုးတွေ ရှိတတ်တယ်။
• ကြွက်သားနာကျင်တာ ၊ ခေါင်းကိုက်တာတွေလည်း ခံစားရနိုင်တယ်။
နမိုးနီးယားရောဂါဟာ လူတိုင်းနီးပါးမှာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ၂ နှစ်အောက် ကလေးငယ်တွေ၊ အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ခံအား မကောင်းတဲ့သူတွေ၊ ပန်းနာရင်ကြပ်ရောဂါလို အဆုတ်ရောဂါ တစ်ခုခု ရှိနေသူတွေ၊ နှလုံး ၊ ကျောက်ကပ် ၊ အသည်းရောဂါ ရှိသူတွေ၊ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာ ဖြစ်ရင် အသက်အန္တရာယ် ဖြစ်နိုင်တဲ့ အထိ ဆိုးဝါးပြင်းထန်တတ်တယ်။
နမိုးနီးယားရောဂါဟာ ပိုးသတ်ဆေး သောက်ခြင်း ၊ ထိုးခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။ မိမိမှာ တကယ်လို့ အထက်ပါ ရောဂါ လက္ခဏာထဲက တစ်ခုခုကို ခံစားနေရရင် ဒီရောဂါမှန်း သိနိုင်အောင် သွေးစစ်ကြည့်တာ ၊ ဓာတ်မှန်ရိုက်တာမျိုးတွေ လုပ်သင့်တယ်။
မကုသဘဲထားရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့ သွေးဆိပ်တက်တာ ၊ အဆုတ် အလုပ်မလုပ်တော့တာတွေ ဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်တယ်။ အဆုတ်ထဲမှာ အနာဖြစ်တဲ့အတွက် ကောင်းကောင်း မကျက်ရင် အဆုတ်ပြည်တည်နာတွေ ဖြစ်တတ်တယ်။ အဆုတ်ထဲမှာ ရေဖုံးတာတွေ ဖြစ်တတ်တယ်။
နမိုးနီးယား ရောဂါကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။
အဓိက က ကိုယ်ခံအား ကောင်းမွန်ဖို့နဲ့ ကျန်းမာစွာ နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေဖို့ ကလေးတွေမှာ အသက် ၆ လ အထိ မိခင်နို့ တစ်မျိုးတည်းကို ကောင်းစွာ တိုက်ကျွေးသင့်ပါတယ်။ ကိုယ်ခံအားကောင်းမွန်စေတဲ့ အစားအစာတွေ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် သစ်ဥသစ်ဖုတွေကို စားသုံးသင့်ပါတယ်။ အိပ်ချိန်ပြည့်အောင် အိပ်သင့်တယ်။နှာစေး ချောင်းဆိုးနေရင် လက်ကိုင်ပဝါကို အသုံးပြုတာ ၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်တာမျိုး လုပ်သင့်တယ်။ ဆေးလိပ်သောက်တတ်ရင် ဖြတ်သင့်တယ်။ အရက်ကို ကြာရှည်စွာ သောက်သုံးတာကလည်း ကိုယ်ခံအား နည်းစေလို့ နမိုးနီးယား ဖြစ်လာနိုင်စေတယ်။ ဖြစ်နိုင်ရင် တုပ်ကွေးကာကွယ်ဆေးတွေ တခြား pneumococcal ကာကွယ်ဆေးလိုမျိုးတွေ ထိုးထားနိုင်ရင် ပိုကောင်းတယ်။
အားလုံး ကျန်းမာချမ်းသာပြီး ရောဂါ ဘယ ကင်းစင်ပါစေ ဆုတောင်းရင်း …..
Author : ရွက်သစ်