အပင်းလုံး အပင်းသွင်းခြင်း (ဆူးသွင်းခြင်း၊ ပြုစားခြင်း) မှာ အောက်လမ်းပညာတစ်ရပ်ဖြစ်သည်ဟု မှတ်သားဖူးပါသည်။ စာရေးသူအနေဖြင့် ယခုအသက်အရွယ်ထိ ကိုယ်တိုင်မြင်တွေ့သိရှိခဲ့ခြင်း လုံးဝမရှိပါ။ သာမန် လူတို့အမြင်တွင် အပင်းလုံးဟု ယူဆကြမည့် ဒါးမွိုက်ဆစ် Dermoid Cyst ကိုမူ ဆေးတက္ကသိုလ် ကျောင်းသားဘဝကပင် တွေ့ရှိဖူး ပါသည်။ ဒါးမွိုက်ဆစ် အလုံးတွင် ဆံခြည်ထွေးများ၊ အရိုးစများ၊သွားများ၊အခြားသောပစ္စည်းအစအနများပါဝင်ကြောင်း တွေ့ရမည်ဖြစ်သည်။ ဆေးတက္ကသိုလ်များ၏ ရောဂါဗေဒဌာန သို့မဟုတ် ခွဲစိတ်ပညာဌာန သို့မဟုတ် သားဖွားမီးယပ်ရောဂါဌာန တစ်ခုခုတွင် ဒါးမွိုက်ဆစ်များကို တွေ့ရနိုင်ပါသည်။ အဆိုပါ ဒါးမွိုက်ဆစ် များမှာ အပင်းသွင်းခံထားရသူများထံမှ ထုတ်ယူထားသော အပင်းလုံးများမဟုတ်ပါ။ သိပ္ပံနည်းကျ ဖြေရှင်းနိုင်သော ရောဂါတစ်မျိုးသာဖြစ်ပါသည်။ ဒါးမွိုက်ဆစ်ကို ခန္ဓာကိုယ်နေရာအနှံအပြားတွင် တွေ့ရနိုင်သော်လည်း အမျိုးသမီးများ၏ မမျိုးဥအိမ်တွင် အဖြစ်များသည်။ အမျိုးသမီးများ၏ မမျိုးဥအိမ်တွင် ဖြစ်ပေါ်သော ဒါးမွိုက်ဆစ်ကို Dermoid Cyst of Ovary သို့မဟုတ် Mature Cystic Teratoma ဟု ခေါ်သည်။
သန္ဓေသားတွင် အလွှာသုံးလွှာတွေ့ရသည်။ အပြင်လွှာ၊ အလယ်လွှာနှင့် အတွင်းလွှာ Ectoderm, Mesoderm နှင့် Endoderm တို့ဖြစ်သည်။ အပြင်လွှာမှ ကလပ်စည်း တချို့သည် အခြားအလွှာတွင် အကြောင်းတစ်ခုခုကြောင့် ကပ်ငြိမြှပ်နှံခံရခြင်းကြောင့် ဒါးမွိုက်ဆစ် ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။ ဒါးမွိုက်ဆစ်တွင် အမွှေးအမျှင်များ၊ အရိုးများ၊ သွားများ၊ အရိုးနုများ၊ ဂလင်းများ၊ အာရုံကြောတစ်သျှူးများ၊ အစာလမ်းကြောင်းနှင့် အသက်ရှုလမ်းကြောင်းကဲ့သို့သော တစ်သျှူးများ ပါဝင် လာတတ်ပါသည်။ ဒါးမွိုက်ဆစ်သည် အမျိုးသမီးငယ်များမှာ စတင်တွေ့ရတတ်သည်။ ၉၀% မှာ မမျိုးဥအိမ်တစ်ဖက်တည်း မှာသာ ဖြစ်တတ်သည်။ ၁၀% တွင် နှစ်ဖက်စလုံး၌ ဖြစ်နိုင်ပါသည်။ အရွယ်အစားအားဖြင့် ငါးလက်မထက် မပိုတတ်ကြပေ။ သို့သော် အလွန်ကြီးမားသော ဒါးမွိုက်ဆစ်များလည်း ဖြစ်ပေါ်နိုင်ပါသည်။ ဒါးမွိုက်ဆစ်သည် အနုစား အဖုအကျိတ်မျိုး (Benign Tumour)သာ ဖြစ်၍ ဝေဒနာတစ်စုံတစ်ရာ မပြသပဲရှိနေတတ်ပြီး၊ အန္တရာယ်ဖြစ်စေခြင်းလည်း မရှိပေ။ အနုစားမှ ဆိုးဝါးသော အကျိတ် Malignant သို့ ပြောင်းလဲမှုမှာ အလွန်ပင်ရှားပါးလှသည်။ ဝမ်းဗိုက်အတွင်း အလုံးစမ်းသပ်မိရာမှ မတော်တဆတွေ့ရှိတတ်ကြခြင်းဖြစ်သည်။
ဆေးတက္ကသိုလ်များတွင် တတိယနှစ် အမ်ဘီဘီအက်စ်သင်တန်းတွင် ရောဂါဗေဒဘာသာရပ် သင်ကြား ရသည်။ စာရေးသူ တတိယနှစ်ကျောင်းသာဘဝက ရောဂါဗေဒဆရာတစ်ဦးက ဒါးမွိုက်ဆစ်နှင့် ပတ်သတ်၍ အောက်ပါအတိုင်း ရှင်းလင်းပို့ချခဲ့သည်ကို အမှတ်ရနေမိပါသည်။ “တပည့်တို့ ဒီ Specimen ကို ကြည့်စမ်း၊ အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းဗိုက်ထဲက ခွဲထုတ်ထားတာ၊ အဲဒိ အလုံးအကျိတ်ကို ဆရာတို့ ဖွင့်ပြထားတယ်။ အကျိတ်အတွင်းမှာ ဘာတွေပါသလဲ ကြည့်ကြစမ်း၊ အရိုးစတွေ၊ သွားတွေ၊ ဆံချည်မျှင်အရှု့ပ်အထွေးတွေ မြင်ကြရဲ့လား၊ အဲ့ အပြင်မှာဆိုရင်တော့ ဒီအလုံးကြီးလို အောက်လမ်းပညာနဲ့ သွင်းထားတဲ့ အပင်းလုံးလို့ ပြောကြမှာပဲ၊ အမှန်တော့ ဒါဟာ ဒါးမွိုက်ဆစ်ပဲ” အပင်းလုံးဟု ခေါ်ဆိုသမုတ်နိုင်သော သွားများ၊ အရိုးစများ၊ အမွှေးအမျှင်များနှင့် အခြားသော ပစ္စည်းအစအနများပါသည့် အကျိတ်ရောဂါ “Dermoid Cyst” ဒါးမွိုက်ဆစ်ဟူသော ရောဂါတစ်မျိုးရှိသည်ဆိုခြင်းကို စာဖတ်သူများအနေဖြင့် ဗဟုသုတအဖြစ် သိကြမည်ဆိုပါလျှင်…..
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)