ကလေးဖျားနေသည်

“ဆရာရေ ကလေးဖျားနေလို့ပါ”

ညနေခင်း ဆေးခန်းဖွင့်ကာစအချိန်တွင် လမ်းထိပ်မှ ဒေါ်စိန်ခင်တစ်ယောက် မြေးကလေးကို ပိုက်၍ ဆေးခန်းထဲသို့ ဝင်ရောက်လာသည်။ ကလေးအမေဖြစ်သူ မမြက နောက်မှ ကပ်လိုက်လာသည်။ သားအချစ် မြေးအနှစ်ဆိုသည့်အတိုင်း ဒေါ်စိန်ခင်သည် သားကမွေးသော မြေးဦးလေးကို အလွန်အမင်း ချစ်ခင် မြတ်နိုးပုံရသည်။ ကလေးကို စောင်ကလေးနှင့် သေသေချာချာ ထုပ်ပြီး ကလေးကို သူကိုယ်တိုင်ချီထားသည်။

“ဖျားတာဘယ်နှစ်ရက်ရှိပြီလဲ”
“မနေ့ည က စဖျားတာ။”

-- Advertisement --

ကလေး အမေက မဖြေ။ ဒေါ်စိန်ခင်မှ သွက်လက်စွာ ပြန်ဖြေသည်။
“တခြားဘာတွေဖြစ်သေးလဲ။ ချောင်းဆိုးတာ နှာစေးတာတွေရှိလား”
“တခြားဘာမှ မဖြစ်ဖူး ဆရာ။ ကိုယ်ပူနေတာလေးပဲရှိတာ”
“ကလေးကို အဖျားတိုင်းကြည့်တာပေါ့။ စောင်လေးဖယ်လိုက်ပါ”
စောင်က သိုးမွေးစောင်ထူထူလေး။ “စောင်ကလည်းထူလိုက်တာ။ စောင်ခြုံထားစရာမလိုပါဘူး။ ”

ဒေါ်စိန်ခင်မှ ဆရာလေးအားသူ့လောက် မသိနားမလည်ဟန် ပုံစံနှင့်
“ဆရာကလည်း ကလေးကို ဆေးခန်းခေါ်လာဖို့ အပြင်ထုတ်ရတယ်။ အပြင်မှာ လေစိမ်းတိုက်မှာ ဆိုးလို့ စောင်နဲ့ပတ်ထားရတာပေါ့။ အခုတောင် အပြင်မှာ လေစိမ်းတွေ ဒီလောက်တိုက်နေတာ”
“လေစိမ်းတိုက်တာက နည်းနည်းလေး။ ကလေးကို သိုးမွေးစောင် အထူကြီးနဲ့ပတ်ထားတော့ ကလေးက ဘယ်လိုလုပ် အပူကျမလဲ။ အဖျားတွေကြီးနေမှာပေါ့”

ဒေါက်တာ အောင်နိုင်တစ်ယောက် ကလေးလက်မောင်းကြားသို့ ပြဒါးတိုင်လေးထည့်ပြီး အဖျားတိုင်းလိုက်သည်။
“အင်္ကျီကလည်း အထူကြီးပဲ။ ဒီလောက် အကျီၤထူကြီး ဘာလို့ဝတ်ထားရတာလဲ”
“သြော် ဆရာရယ်။ ကလေးက ဖျားနေတာလေ”
“အင်္ကျ ီအထူကြီးမဝတ်ပဲ့နဲ့ ပါးပါးလေးဝတ်ပေးထားရမှာပေါ့။ ချည်သားပါးပါးလေးဆိုတော်ပြီပေ့ါ။ အထူကြီးဝတ်ပေးထားစရာ မလိုပါဘူး”

“ဆရာရယ် ကျွန်မ ကလေး ငါးယောက် မွေးထားတဲ့ အမေတစ်ယောက်ပါ။ ကလေး ဘယ်လို ပြုစုထိန်းသိမ်းရမယ်ဆိုတာကို ကျွန်မသိပါတယ်”

သူက သိသည်ဆိုတော့ ဆရာဝန်ဖြစ်သူ ဒေါက်တာအောင်နိုင်က မသိသည့် သဘောမျိုးပေါက်နေသည်။ ဟုတ်ပါတယ်လေ။ ကိုယ့်မှာ က သူပြောသလို ကလေး ငါးယောက်မပြောနှင့် မိန်းမတောင် ဘယ်နေမှန်းမသိသေးသူ။ ဒါပေမဲ့ အနှစ်အနှစ် အလလ ကိုယ်သင်ယူခဲ့သည်များက ဒေါ်စိန်ခင်ထက်တော့ ပိုမှန်းသိအောင်ပြောရမည်။

“ကလေးက အပူကြီးတယ်။ အဖျားတွေ တက်နေတယ်”
“ဒါကြောင့်မို့ အဝတ်တွေ ဝတ်ပေးထားရတာပေါ့။”

ဒေါ်စိန်ခင်မှ သူ့ယူဆချက်ကို ထပ်ပြောသည်။
“ဆေးတိုက်ထားသေးလား။ဘာဆေးတွေတိုက်ထားလဲ”
“အဖျားကျဆေးလေးတော့ တိုက်ထားတာပဲ။”

“ကလေးကအဖျားမကျတာလား။”
“တိုက်တုန်းလေးခဏကျပြီးပြန်တက်လာတယ်”
“ကလေးကို အိမ်မှာလည်း ဒီလိုမျိုး စောင်တွေခြုံပေးတာလား”
“ဟုတ်တယ်လေ။ အပေါ်က ခြုံပေးထားတာပေါ့။ ဖျားနေပါတယ်ဆိုမှ ဆရာရယ်”
သူ့ကပဲ ဆရာဝန်မေးတာကို စိတ်မရှည်သည့် ပုံစံမျိုး ဒေါ်စိန်ခင်တို့က ပြောနေပြီ။

“ကလေးဖျားရင် အဖျားကျဆေးတိုက်ရတယ်။ မှန်တယ်။ ချောင်းဆိုးရင် မှိန်းရင် နို့မစို့ရင် စိုးရိမ်ရတယ်။ ဒါမျိုးလက္ခဏာတွေ မရှိရင် ကိစ္စမရှိဘူး။ အခုတော့ ကလေးက ကိုယ်အပူလေးနည်းနည်း တက်ရုံရှိသေးတယ်။ ဒေါ်ဒေါ်က အင်္ကျ ီအထူတွေဝတ်ထား၊ စောင်တွေပတ်ထားမှတော့ ကလေးက အဖျား ဘယ်ကျတော့မလဲ။”

“ဖျားနေပါတယ်ဆိုမှ”
“အခုဆေးပေးလိုက်မယ်။ ဆေးလည်းတိုက်ပါ။ ဒီစောင်ကြီးကိုလည်းဖယ်လိုက်ပါ။ အိမ်ရောက်ရင်လည်း အင်္ကျ ီကို ချည်ထည်လေး လဲပေးထားလိုက်ပါ။”
ဒေါက်တာ အောင်နိုင်တစ်ယောက် ဒေါ်စိန်ခင်ကို ပြောလို့မနိုင်လို့ အမေဖြစ်သူကို လှမ်းပြီး မှာစရာရှိသည်များကို ပြောလိုက်သည်။
“ဟုုတ်ကဲ့ပါ ဒေါက်တာ”
အမေဖြစ်သူကတော့ ဒေါက်တာအောင်နိုင်ကို ကတိပေးလိုက်သည်။
ဒေါ်စိန်ခင်ကတော့ ချွေးမဖြစ်သူကို လှမ်းပြီး မျက်စောင်းထိုးလိုက်သည်။

“ဒေါ်ဒေါ် ကျွန်တော်မှာတာတွေ မမေ့နဲ့နော် ။ ကလေးကို စောင်ကြီး ပတ်မထားနဲ့ ချည်ထည်လေးတွေဝတ်ပေးထား။ အဲဒါဆိုရင် ကလေး အပူကျမယ်။ ဒါမှ မဟုတ်ရင်တော့အဖျားကျမှာ မဟုတ်ဘူး”
ဒေါ်စိန်ခင်ဆီမှ ဘာသံမှ ထွက်မလာ။ ကလး အမေဖြစ်သူကသာ အားနာ၍ “ဟုတ်ကဲ့ပါ ဆရာ” လို့ပြောဖော်ရသည်။

“နောက်လည်းမှတ်ထား။ ကလေးအဖျားကြီးရင် စောင်တွေ အုပ်မထားရဘူး။ အဝတ်အစားအထူတွေ လည်း ဝတ်မပေးရဘူး။ ဒါမျိုးတွေနဲ့ဆို အဖျားဘယ်တော့မှ မကျဘူး။ ”

စိတ်မချသဖြင့်နောက်တစ်ခေါက်ထပ်မှာလိုက်သည်။

ကလေးကို ချီ၍ ဒေါ်စိန်ခင်အရှေ့မှထွက်သွားသည်။ ကလေးအမေမှ နောက် မှ ကလေးခြုံခဲ့သော စောင်လေးပိုက်၍ထွက်သွားသည်။အိမ်ပြန်ရောက်ရင်တော့ ကလေးအမေနှင့် ဒေါ်စိန်ခင်တို့ ရန်ဖြစ်ကြမလားလို့ ဒေါက်တာ အောင်နိုင်တစ်ယောက် စိုးရိမ်စိတ်ဝင်မိသည်။ ကလေး အဖျားကျဖို့က အဘွားပေါ်မူတည်နေသည်။ နက်ဖြန်များပြန်လာကြမလားလို့ တွေးတောရင် ရင်တမမဖြစ်ပြီး ကျန်ရစ်ခဲ့သည်။

READ :   ကလေး တီဘီရောဂါ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ