နွေရာသီရဲ့ ပူပြင်းတဲ့အချိန်မှာ ကိုယ်ခန္ဓာကျန်းမာလှပမှုနဲ့ အရေပြားနေလောင်မှုတွေကို စားသောက်မှုပုံစံမှန်မှန်နဲ့ အန်တုကာကွယ်ပါမှ တော်ကာကျပါမယ်။ ဒီတော့ ဘယ်လိုအစားအစာတွေက နေလောင်ဒဏ်ခံနိုင်ပြီး ဘယ်လိုစားသောက်ရင် ခန္ဓာကိုယ်အေးမြမှုကို ပေးတယ်ဆိုတာ အကြံပြုရရင်…။
ဖရဲသီး – ဖရဲသီးကတော့ ရေဓာတ်များစွာပါဝင်လို့ အသားအရေကို စိုပြည်စေတဲ့အပြင် ချွေးထွက်လို့ ကိုယ်တွင်းမှာ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် သူ့မှာ လိုင်ကိုပင်း ပါဝင်တဲ့အတွက် ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
ခရမ်းချဉ်သီး – ခရမ်းချဉ်သီးမှာ သဘာဝနေရောင်ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ရအောင်ဖျော်ပြီး စားပွဲတင်ဇွန်း လေးဇွန်း၊ ငါးဇွန်းလောက် နေ့စဉ်စားပေးရင် နေလောင်ဒဏ်ကို ပိုမိုကာကွယ်နိုင်ပါတယ်။ ခရမ်းချဉ်သီးကို အခြေခံပြီးထုတ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို ပူပြင်းတဲ့ရာသီဥတုမှာ သုံးနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဟာ ခရမ်းလွန်ရောင်ခြည်ကို ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။
ပန်းသီး – ပန်းသီးဟာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အနီရောင်အုပ်စုထဲ အပါအဝင်ပါ။ အနီရောင်ရှိတဲ့ ပန်းသီးအခွံမှာ ထရိုင်တာပီးနွိုက် လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတွေများစွာ တွေ့ရပါတယ်။ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်တဲ့ အရေပြားကင်ဆာ ဖြစ်ပွားမှုကို အဲဒီဒြပ်ပေါင်းက ကာကွယ်ပေးပါတယ်။ ပန်းသီးမှာ အသားအရေ ခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ပန်းသီးမှာပါတဲ့ အက်ဆစ်ဓာတ်တစ်မျိုးက အသားအရေကို တင်းရင်းစေပြီး ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အမိုင်လေ့အင်ဇိုင်းလည်း ပါဝင်ပါတယ်။ တစ်နေ့တစ်လုံး စားပေးခြင်းဖြင့် အသားအရေလှပပြီး နေရောင်ခြည်ဒဏ်ကို အန်တုနိုင်ပါတယ်။
စတော်ဘယ်ရီ – စတော်ဘယ်ရီဟာ နေရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်ပါတယ်။ ဗီတာမင်စီ ပါဝင်တာကြောင့် အရေပြားကင်ဆာဆဲလ်တွေကို ဟန့်တားနိုင်ပါတယ်။ စတော်ဘယ်ရီလို့ ပြောလိုက်ပေမယ့် လိမ္မော်သီးနဲ့ ကီဝီသီးတို့ကလည်း ဗီတာမင်စီ မြောက်များစွာ ပါဝင်တဲ့ အသီးတွေဖြစ်တာကြောင့် မြောက်များစွာ စားသုံးပေးနိုင်ပါတယ်။
မုန်လာဥနီနဲ့ ကန်စွန်းဥတို့မှာ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးတာတွေ မဖြစ်ရအောင် ကာကွယ်ပေးတဲ့ ဓာတ်တွေအပြင် ပျက်စီးသွားတဲ့ ဆဲလ်တွေကိုပါ ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ကန်စွန်းဥနဲ့ မုန်လာဥနီတွေမှာ ဘီတာကယ်ရိုတင်းတွေ များစွာပါလို့ နေရောင်ခြည်ဒဏ်ကို အန်တုနိုင်ပါတယ်။ ကန်စွန်းဥကို သူ့ချည်းပဲ စားနိုင်သလို သံလွင်ဆီ အနည်းငယ်နဲ့ စားပေးရင်လည်း ဝမ်းတွင်းအေးစေပါတယ်။ မုန်လာဥနီကလည်း ကယ်လိုရီ ပါဝင်မှုနည်းတာကြောင့် ဝိတ်လျော့ချင်သူတွေအတွက် ကိုယ်အလေးချိန်ကျမယ့်အပြင် အရေပြားပျက်စီးမှုကို ကာကွယ်ပေးလို့ ထိရောက်မှု နှစ်မျိုးရပါတယ်။
အင်တီအောက်ဆီးဒင့်ဟာ ဖရီးရယ်ဒီကယ်တွေရဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ ဆဲလ်ကောင်းတွေကို ထိခိုက်စေတဲ့ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။ အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး အရေပြားဆဲလ်တွေ ကျန်းမာစေအောင် ပြုလုပ်ပေးပြီး အသားအရေအိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ အင်တီအောက်ဆီးဒင့်ကို သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာ၊ နနွင်းမှုန့်နဲ့ သံလွင်ဆီတွေက ရနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးမှုကို ဗီတာမင်အီးက ကာကွယ်ပေးပါတယ်။ အရွယ်တင်နုပျိုစေကာ မျက်နှာမှာရှိတဲ့ အမာရွတ်တွေကိုလည်း လျော့နည်းသက်သာစေတဲ့ ဗီတာမင်အီးကို ဂျုံစေ့ဆီ၊ ဗာဒံစေ့နဲ့ မြေပဲထောပတ်တွေကနေ ရစေပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများရင် ရေဓာတ်ခမ်းခြောက်လွန်ပြီး အရေပြားကနေ ဆီကြည်ထွက်နှုန်း များခြင်းကို ဖက်တီးအက်ဆစ်လို့ခေါ်တဲ့ အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ တို့က ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပဲနီစေ့၊ သီဟိုစေ့တွေမှာ အိုမီဂါ ၃ ကို တွေ့ရပြီး အိုမိဂါ ၆ ကိုတော့ ကြက်၊ ဝက်၊ ဘဲ၊ ကောက်နှံနဲ့ ဟင်းချက်ဆီတွေထဲမှာ တွေ့ရပါတယ်။
ရေကတော့ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်ပါပဲ။ ရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို တိုက်ထုတ်ပေးပြီး ဆဲလ်တွေကိုလည်း အာဟာရဓာတ်တွေ စုပ်ယူပေးပါတယ်။ အရေပြားက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အရေပြားကို စိုပြေတင်းရင်းစေပါတယ်။ ဒါကြောင့် အရေပြားလှပဖို့နဲ့ ခန္ဓာကိုယ်တွင်း ပုံမှန်လည်ပတ်နိုင်ဖို့ ရေများများသောက်ပေးပါ။ ရေဓာတ် ခမ်းခြောက်ရင်တော့ အဖုအပိတ်ထွက်တာတို့ အသားအရေပြဿနာတို့ ဖြစ်နိုင်တာကို သတိပြုပါ။
ဘယ်လောက်ပဲပူပူ အရေပြားမထိခိုက်ရအောင် စားသောက်မှုပုံစံလေးကို ဂရုစိုက်ပြီး အသားအရေကို ထိန်းသိမ်းနိုင်ကြပါစေ။
Author: ညီညီကျော်, Healthcare Journal