မငိုပါနဲ့ ဖဲကြိုးနီ

“ဆရာ…ကျွန်တော့်ကိုကယ်ပါဦးဆရာရယ်…”
“ကျွန်တော်လူဖြစ်ရှုံးပြီဗျ..ဒုက္ခရောက်ပြီဆရာရယ်…”
“သေသာသေချင်တော့တာပဲ ဆရာရယ် ဘာလုပ်ရမှန်းတောင်မသိတော့ဘူး..ကံတရားကြီးက ကျွန်တော့်အ ပေါ်မှဘာလို့အဲ လောက် အထိရက်စက်ရတာလဲမသိဘူး အဟင့်…ဟင့်…”

ဒီအသံတွေကြားရရင် ကျွန်တော့်ရင်တွေ နင့်နေအောင်ခံစားရပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကိုလည်း ကိုယ်ချင်းစာ ပေးလို့ရသလို၊ သူတို့ရဲ့အနာဂတ်တွေအတွက် သူတို့သားသမီးတွေရဲ့ အနာဂတ်အတွက်လည်း ရင်မောရပါတယ်။ လူတွေအ တော်တော်များများက ဖဲကြိုးနီလေးတွေကို အကြောင်းသိတာနဲ့ရှောင်ဖယ်၊ ရှောင်ဖယ် လုပ်သွားတတ်ကြသလို ကွယ်ရာမှာလည်း နှစ်ပြားမတန်အောင် အပုပ်ချတတ်ကြပါတယ်။ တကယ်တော့ သူတို့အားလုံးထဲမှာ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ အပြစ်ကြောင့်မဟုတ် ဘဲ ကံတရားအရ၊ အတိတ်ကံအရ ဖဲကြိုးအနီလေးတွေဘ၀ မတော်တဆရောက်ခဲ့ရတဲ့သူတွေ အများကြီးပါ။

ဒါကြောင့် ဖဲကြိုးနီဆိုတိုင်း အပြစ်တင်မစောဘဲ “ငါ့အဖေ၊ ငါ့အမေ၊ ငါ့သားလေး၊ ငါ့သမီးလေး၊ ငါ့ညီမလေး၊ ငါ့ညီလေး၊ ငါ့အစ်မ၊ ငါ့အစ်ကို” သာဆိုရင်လို့ မြင်ပေးပြီး ရှောင်ဖယ်ရှောင်ဖယ်လုပ်တာ၊ ရွံရှာတဲ့အမူအယာပြတာမျိုး၊ အကျိုးအကြောင်းမသိ ဘဲ သူများသိက္ခာကျအောင် အပုပ်ချတာမျိုးတွေ ရှောင်ပေးပါ။ “ဝစီဗေဒ ထိတိုင်းရှ” ဆိုသလို ကိုယ်လည်း ဝဋ်ပြန်လည်တတ်တာ ကိုမမေ့ပါနဲ့။ အဲလို စိတ်မကောင်းကြီးစွာနဲ့ လာလာရင်ဖွင့်တတ်တဲ့ ဖဲကြိုးနီတွေနဲ့တွေ့ရင် ကျွန်တော့်အနေနဲ့ကတော့ နှစ်သိမ့်ဆွေး နွေးအကြံပေးတာမျိုး၊ သူစိတ်အားမငယ်အောင်၊ စိတ်ဓာတ်မကျအောင် နွေးနွေးထွေးထွေးပြောဆိုဆက်ဆံပေးတာမျိုးတော့ ကျွန် တော်တတ်သလောက် မှတ်သလောက်လုပ်ပေးပါတယ်။ ရောဂါကုသဖို့အတွက်ကိုတော့ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြဖို့၊ မှတ်ပုံတင်ပြီး ဆေးထုတ်ယူဖို့ကိုသာ မှာကြားလိုက်နိုင်ပါတယ်။

-- Advertisement --

ကျွန်တော့်ကို လာရင်ဖွင့်တဲ့ဖဲကြိုးနီလေးတွေဟာ သေဒဏ်ကျခံထားရတဲ့ အကျဉ်းသားတွေလိုအရမ်းပဲ စိတ်ထိခိုက်လွယ် ကြပါတယ်။ စိတ်ထိခိုက်တာက ယောကျ်ား၊ မိန်းမနဲ့ မဆိုင်ပါဘူး။ တချို့ကျ ယောကျ်ားလေးပေမယ့် စိတ်အရမ်းပျော့တဲ့သူတွေ ရှိ သလို၊ မိန်းကလေးပေမယ့် စိတ်အားတင်းနိုင်တဲ့သူတွေလည်း ရှိတာတွေ့ရပါတယ်။ ကျွန်တော်သူတို့ကို အမြဲပြောဖြစ်တာက “ဗျာ..ဒီရောဂါဖြစ်လို့ စိတ်ညစ်တယ်၊ သေမှာကြောက်တယ်။

ဟုတ်လား”
“အမလေး..ညီမလေးရယ်၊ လူဆိုတာသေမျိုးချည်းပါပဲဟ။ လူရယ်လို့ဖြစ်လာရင် အားလုံးတစ်နေ့ကျသေကြမှာချည်းပဲ။ အခု ဒီရောဂါကြောင့်သေတော့မယ်ထင်နေတယ်၊ ဒုက္ခရောက်ပြီထင်နေတယ် ဟုတ်လား..။ ဒီရောဂါမရှိတဲ့သူတွေကျတော့ရော မသေတော့ဘူးတဲ့လား။ သေချာစဉ်းစားကြည့်ပါဦး ကလေးတို့ရယ်။ သက်တမ်းစေ့မနေနိုင်လို့ ဟုတ်လား..။ မနေ့တစ်နေ့ကပဲ လှေတွေမှောက်လို့ သေကြပြန်ပြီ လူတွေမနည်းဘူး။ တော်ကြာဘာဖြစ်လို့၊ ညာဖြစ်လို့ ရုတ်တရက်သေကုန်ကြတာတွေ မတွေ့မိ ဘူးလား အခုလေးတင်နှုတ်ဆက်ပြီး ထပြန်သွားတယ်။ ခဏနေတော့ သေပြီဆိုတဲ့ သတင်းတွေရောကြားပြီးပြီလား။ အဲလိုသေ တဲ့သူတွေအားလုံးမှာရော ဒီရောဂါကြီးရှိတယ်ထင်လို့လား…”

“လူဆိုတာ သေမျိုးချည်းပါပဲ ကလေးတို့ရာ…မွေးလာပြီဆိုကတည်းက အားလုံးသေမိန့်ကျခံရပြီးသားပါ။ ကိုယ်သေမှာ ကိုကြိုသိတာ၊ မသိတာ၊ မျှော်လင့်ချက်ရှိတာ၊ မရှိတာဘဲ ကွာတယ်။ လူမသေသေးမရွေ့ မျှော်လင့်ချက်မပျက်စီးရင် အဲဒါက လူရှင်ပဲကွ။ လူရှင်နေပေမယ့် မျှော်လင့်ချက်သေနေရင် လူသေပဲ။ ကလေးတို့ကမှ အခုအချိန်အထိ အသက်ရှင်နေသေးတယ်။ နောက်လည်း ဘယ်အချိန်ထိအသက်ရှင်သန်ခွင့် ရနေဦးမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ သေမှာတွေးကြောက်မနေနဲ့ ကလေးတို့ရေ…လူဆိုတာမွေးကတည်းက ဘယ်နေ့သေမယ်၊ ဘာ့ကြောင့်သေမယ်ဆိုတာ ကြိုတင်သတ်မှတ်ပေးလိုက်ပြီးသား။ မင်းသေနေ့စေ့ရင် ဘယ်လောက်ကောင်းတဲ့ ဆေးရုံကြီးပေါ်မှာပဲ တက်ကုကု၊ သေကိုသေမှာ။ သေနေ့မစေ့သေးရင်တော့ မင်း ငယ်ထိပ်ကို မိုးကြိုးပစ်ချရင်တောင် မင်းမသေဘူးကလေးတို့…”

“အခုနကပြောခဲ့သလိုပဲ ကိုယ်သေတော့မှာပဲဆိုတဲ့စိတ်နဲ့ မျှော်လင့်ချက်သေသွားပြီဆိုရင်တော့ မင်းတို့ဟာလူသေပဲလေ၊ အခုမသေရင်တောင်သူများထက် စောစောသေမှာပဲ ငါမသေငါ့စခန်းမကျစေရ ဆိုတဲ့စိတ်နဲ့ အားတင်းပြီး မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ရင် ကိုယ်ရှင်သန်ခွင့်ရတဲ့အချိန်ဟာ ကိုယ့်အတွက်အကျိုးရှိသွားမှာပဲ။ ဘာ…ရှက်တယ်ဟုတ်လား..။ ကိုယ်အဟုတ်တာ လုပ်ခဲ့တာမဟုတ်လို့ ကိုယ့်လိပ်ပြာကိုယ်လုံရင် မရှက်ပါနဲ့ ကလေးတို့ရာ… မင်းတို့ဥစ္စာ ခိုးယူတာလည်းမဟုတ်ဘူး၊ သူများသားမ ယားကို ပြစ်မှားတာလည်းမဟုတ်ဘူး၊ သူ့အသက်သတ်တာလည်းမဟုတ်ဘူး။ မင်းတို့ရဲ့အတိတ်ကံမှာကိုက ဒီရောဂါကူးစက်ခံရဖို့ ရှိလို့ ကူးစက်ခံရတာပါကွာ။ မင်းတို့ကသာ ရှက်တယ်ပြောနေတာ။ ဒီလောကကြီးမှာ တကယ်ရှက်သင့်တဲ့အကောင်တွေ အများ ကြီးကွ။ သူတို့တောင် မျက်နှာပြောင်တိုက်ပြီး မရှက်ဘဲနေနိုင်တာ မင်းတို့က ဘာအပြစ်ရှိလို့ရှက်နေတာလဲ။ ဘာဆက်လုပ်ရမှာလဲ ဟုတ်လား။ ကိုယ်လုပ်နေကျအလုပ် ကိုပုံမှန်သာဆက်လုပ်ပါ။ ကိုယ့်သားမယားနဲ့၊ တခြားသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးသုံး ပါ။ ဖြစ်နိုင်ရင်တော့ ကလေးမယူပါနဲ့”

“နောက်ပြီး အရေးအကြီးဆုံးက သွေးမလှူပါနဲ့။ တခြားအလှူဒါနလုပ်ပါ။ စိတ်ထားတတ်ရင် ညောင်စေ့လေးလောက်လှူ လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရပါတယ်။ သွေးလှူမှ ကုသိုလ်ရတာမဟုတ်ပါဘူး။ စေတနာမှန်ရင် ဘာပဲလှူလှူ ကု သိုလ်ရပါတယ်။ ထိန်းချုပ်ဆေးသောက်မယ်ဆိုရင်လည်း ကြိုးစားပြီးမှန်မှန်သောက်ပါ။ ထိန်းချုပ်ဆေးပုံမှန်သောက်မယ်ဆိုရင် လူ့သက်တမ်းစေ့နီးပါး နေနိုင်ပါလိမ့်မယ်။ ထိန်းချုပ်ဆေးမသောက်ဘူးဆိုရင်တော့ ကူးစက်ခံရချိန်ကစပြီး ၁၁ နှစ်လောက်အထိပဲ ရှင်သန်ခွင့်ရပါလိမ့်မယ်။ ဆေးသောက်သည်ဖြစ်စေ၊ ဆေးမသောက်သည်ဖြစ်စေ စိတ်ဓာတ်ကျမယ်၊ အအိပ်အစားမမှန်ဘူးဆိုရင် တော့ ၃ နှစ်ပတ်ချာလည်ပဲခံပါလိမ့်မယ်။ ဒါကြောင့် စိတ်ဓာတ်မကျဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်မကျပါစေ နဲ့၊ အာဟာရပြည့်အောင်စားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်အောင်လုပ်ပါ။ ပျော်ပျော်နေပါ။ သီချင်းဆို ပါ။ တရားထိုင်၊ တရားမှတ်ပါ။ တရားမှတ်တာက ကင်ဆာရောဂါတောင်ပျောက်နိုင်တယ်လို့ တွေ့ရှိထားတာရှိပါတယ်။”

READ :   ကူးစက်ရောဂါခံခဲ့ရမှုအထွေထွေ

“စိတ်အားငယ်လာပြီဆိုရင် အနည်းဆုံးတော့ ကိုယ်အသက်ရှင်သေးတယ်ဆိုတာ နှလုံးသွင်းပြီးအခုဘဝအတွက် မဟုတ် တောင် နောင်ဘဝအတွက် တရားဘာဝနာလေးပွားများပါ။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို မှန်းမျှော်ပြီးကြည်ညိုနေပါ။ လိုအပ်ရင် လည်းကျွန်တော့်ဆီထပ်လာပြီး ဆွေးနွေးတိုင်ပင်ကြည့်ပါလို့ အားပေးရပါတယ်။”

ဖဲကြိုးနီလေးတွေ ခံစားရတဲ့ရောဂါက “ဘာလဲလို့” ဖဲကြိုးနီကို မသိတဲ့သူတွေမေးလာရင်တော့ HIV (Human Immunodeficiency Virus) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ရောဂါပါလို့ပြောရမှာပါ။ လူပြောများတဲ့ AIDS (Acquired Immuno Deficiency Syndrome) ဆိုတာ HIV ကူးစက်ခံရတဲ့ လူနာတွေအားလုံးကိုပြေတာမဟုတ်ပါဘူး။ HIV ကူးစက်ခံရတိုင်းလည်း AIDS မဖြစ်သေးပါဘူး။ AIDS ဆိုတာကိုယ်ခံအားဆဲလ် CD4T Cells (T helper Cells) ပုံမှန်ကနေ သွေးတစ်လီတာမှာ ၂၀၀ အောက် (200/L) ရောက်တဲ့အခါမှသာ ဖြစ်လာတဲ့ အခြေအနေတစ်ခုပါ၊ ရောဂါလက္ခဏာစုတစ်ခုပါ။ ရောဂါရှိကြောင်း ကျွန်တော် တို့ဆေးလောကသားတွေသုံးတဲ့ အသုံးအနှုန်းတွေကိုတော့ လိုအပ်ချက်အရ ထည့်မရေးတော့ပါဘူး။
ရောဂါဘယ်လိုကူးစက်သလဲဆိုရင်
အဓိကကူးစက်နိုင်တဲ့ လမ်းကြောင်းကြီး ၃ ခုကနေကူးစက်ပါတယ်။

ရောဂါရှိသူရဲ့ သွေး၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကတစ်ဆင့်ကူးစက်ခံရခြင်း
• သွေးသွင်းခြင်း (၉၀%)
• ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း (ဝ.၆၇%)
• မတော်တဆအပ်စူးခြင်း (ဝ.၃၀%)
ရောဂါပိုးရှိသူနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံတာ
• ရောဂါရှိသူ၏ မိန်းမကိုယ်ထဲသို့ လိင်တံထိုးသွင်းခြင်း (ဝ.၀၁% – ဝ.၃၀%)
• ရောဂါရှိသူ၏လိင်တံကို မိန်းမကိုယ်တွင်းသို့ ထိုးသွင်းခံခြင်း (ဝ.၀၅% – ဝ.၃၀%)
• ရောဂါရှိသူ၏ စအိုအတွင်းသို့လိင်ဆက်ဆံခြင်း (ဝ.၀၃%)
• ရောဂါရှိသူ၏ လိင်တံဖြင့် စအိုအတွင်းထိုးသွင်းခံခြင်း (ဝ.၀၄% – ၃.ဝ%)
• ရောဂါရှိသူ၏ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (ဝ% – ဝ.၀၀၅%)
• ရောဂါရှိသူမှ ပါးစပ်အတွင်းသို့လိင်ဆက်ဆံခြင်း (ဝ% – ဝ.၀၄%)
မိခင်မှကလေးသို့ ကူးစက်ခြင်း (၂၅%)

ရောဂါရှိသူနှင့် တစ်ခန်းတည်း အတူနေတာ၊ အလုပ်အတူတူလုပ်တာ၊ ခြင်ကိုက်ခံရတာ၊ ရောဂါရှိသူရဲ့ ဆီး၊ မစင်၊ တံ တွေး၊ သလိပ်၊ နှာရည်၊ မျက်ရည်၊ ချွေး၊ အန်ဖတ်နှင့် ထိတွေ့မိတာ၊ သာမန်နမ်းရှုံ့မိတာ၊ ရောဂါရှိသူသောက်ထားတဲ့ ရေခွက်၊ စား ထားတဲ့ ထမင်းပန်းကန်၊ ဇွန်းတွေနဲ့ စားသောက်တာတွေကနေ ရောဂါမကူးစက်နိုင်ပါဘူး။

ဒီနေရာမှာ ခြင်ကိုက်တာကနေဘာလို့ မကူးစက်နိုင်သလဲလို့ အမေးများတဲ့မေးခွန်းလေးကို ဗဟုသုတအနေနဲ့ဖြေပေး လိုက်ပါတယ်။ “AIDS ရောဂါကို ဖြစ်စေသော HIV ရောဂါပိုးကို ခြင်ကိုက်ခြင်းဖြင့်အဘယ်ကြောင့် မကူးစက်စေနိုင်ပါသလဲ”
ခြင်များသည် ပျံသန်းနိုင်သောအပ်များမဟုတ်ကြပါ။ Prof : Wayne Crans (Rutgers University) ခြင်၏နှာရောင်သည် အပ်တစ်ချောင်းနဲ့တူသော်လည်း အမှန်တကယ်တွင် အစိတ်အပိုင်း ၆ ခုရှိပါသည်။ ခြင်ကိုက်ရာတွင် ထိုအပိုင်း ၆ခုထဲမှ ၄ ခုကိုလူ၊ တိရစ္ဆာန်၏ အရေပြားအားထိုးဖောက်ရာတွင် အသုံးပြုကြသည်။

ကျန်အပိုင်းနှစ်ခုအား ပြွန်နှစ်ခုဖြင့်ဖွဲ့စည်းထားပြီး ပြွန်တစ်ခုမှ ကိုက်မည့်သူထံသို့ တံတွေးထွေးထည့်ပြီး နောက်ပြွန်တစ်ခု မှသွေးကို စုပ်ယူပါသည်။ ယခုကဲ့သို့ စုပ်ယူလုက်သည့် သွေးတွင်ပါသော HIV ရောဂါပိုးသည် ခြင်၏အစာခြေလမ်းကြောင်း (အူ) ထဲတွင် တခြားရောဂါပိုးများကဲ့သို့ မပွားများနိုင်ဘဲအစာချေဖျက်ခြင်း ခံလိုက်ရပြီး အပြီးတိုင်ပျက်စီးသွားပါသည်။ လူတွင်တော့ HIV ပိုးသည် T ဆဲလ်တွင်ခိုဝင်ပြီး ပွားများသွားကြသည်။ ခြင်၏ အူလမ်းကြောင်းတွင် အဆိုပါ T ဆဲလ်မရှိခြင်းကြောင့် HIV ရောဂါ ပိုးသည် မပွားများနိုင်ဘဲ ခြင်း၏တံတွေးကြိတ်ဂလင်းထဲသို့ မရောက်နိုင်ခြင်းကြောင့် ခြင်မှတစ်ဆင့် မကူးစက်နိုင်ခြင်းဖြစ်ပါ သည်။ အဆိုပါ ခြင်ကိုမတော်တဆ ဝါးမြိုမိခြင်း၊ ဖိခြေမိခြင်းဖြင့်လည်း HIV မကူးစက်နိုင်ပါ။ နောက်တစ်ခုအမေးများသည်က HIV ပါသော ဆေးထိုးအပ်ကို ရုပ်ရှင်ရုံရှိထိုင်ခုံတွင် ထောင်ထားသည်ဆိုသောစကား HIV ပိုးသည်လူ့ကိုယ် ခန္ဓာပြင်ပတွင် မိနစ် ပိုင်းမျှသာအသက်ရှင်နေနိုင်ပါသည်။ လေ၊ အက်ဆစ်နှင့်ထိတွေ့လျှင် ပျက်စီးသွားတတ်ပါသည်။ လူ့ကိုယ် ခန္ဓာပြင်ပရှိဆေးထိုး အပ်အတွင်းတွင် မိနစ်အနည်းငယ်ထက်ပိုရှင်သန်နိုင်ရန် အပူချိန် 39˚F (4˚C) အောက်လိုအပ်ပါသည်။ ထို့ကြောင့် သာမန်အခန်း အပူချိန် 68˚F (20˚C) တွင်မရှင်သန်နိုင်ပါ။ (သွေးခြောက်ထဲတွင်တော့ ပုံမှန်အခန်းအပူချိန်တွင်ပင် HIV ပိုးသည် ၆ ရက်အထိ ရှင်သန်နိုင်သော်လည်း ရောဂါပိုးသိပ်သည်းဆအလွန်မတန် နည်းသွားပါသည်။)

READ :   နှလုံးသားစမ်းရေ

HIV ပိုးသည် pH level 7-8 ကြားတွင်သာ ရှင်သန်နိုင်သောကြောင့် ထို့ထက်နည်း၊ များသော pH အခြေအနေတွင်မရှင် သန်နိုင်ပါ။ နေရောင်ခြည် (Ultraviolet) နှင့်ထိတွေ့လျှင် HIV ပိုး၏အခွံအားထိခိုက်စေသောကြောင့် ဆဲလ်များအားမတွယ်ကပ် နိုင်၍ မျိုးမပွားနိုင်ဘဲရေရှည် မရှင်သန်နိုင်ပါ။ ဖဲကြိုးနီလေးတွေအတွက် လာမယ့် ဒီဇင်လာ ၁ ရက်နေ့ကိုကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ (World AIDS Day) လို့သတ်မှတ်ပေးထားပါတယ်။ ဒီတစ်ပတ်ဆောင်းပါးကတော့ ဖဲကြိုးနီလေးတွေရဲ့ဘဝကို နားလည်ပေးပြီး နှစ်သိမ့်ဆွေးနွေးအကြံပေးချက်လောက်ပဲ အကြမ်းဖျဉ်းရေးပေးတာဖြစ်ပါတယ်။ လာမယ့်တစ်ပတ်မှာတော့ ခုခံ အားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သီးသန့်ထပ်ရေးပေးသွားပါမယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဖဲကြိုးနီဘဝရောက်တိုင်းလည်း အားမငယ်ဖို့၊ ဘဝကိုရေစုန်မမျှောဖို့ လိုသလို၊ ရောဂါမရှိတဲ့သူ တွေကလည်း ဖဲကြိုးနီမှန်းသိရင် ရှောင်ဖယ်ထွက်တာမျိုး၊ ရွံရှာတဲ့ပုံစံမျိုးမလုပ်ပါနဲ့။ အတတ်နိုင်ဆုံးနွေးနွေးထွေးထွေးဆက်ဆံပေး ပါ နှစ်သိမ့်ဆွေးနွေးပေးကြပါလို့ ပြောကြားရင်း ကျွန်တော့်ရဲ့ “မငိုပါနဲ့ ဖဲကြိုးနီ” ဆိုတဲ့ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်) Vol-7 / No-44 (Healthcare)

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ